တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ငပလီမြို့ ဓားပြတိုက်မှုနှင့်ပတ်သက်ပြီး ဆက်စပ်သံသယတရားခံ ၄ ဦးဖမ်းမိထား


  • ရေးသူ: Web Master (NN 20)
  • | ရက်စွဲ: ၁၅ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

ရခိုင်ပြည် ငပလီမြို့ သံတွဲ-ဂျိတ်တော မြို့ရှောင်လမ်း မြပြင်ရပ်ကွက် (တိုးချဲ့ကွက်သစ်)ရှိ နေအိမ် တစ်လုံးအား ဓားပြတိုက်ပြီး အိမ်ရှင်များကို ဓားတ်ခုတ်မှုနှင့်ပတ်သက်ပြီး ယခုရက်ပိုင်းအတွင်း  ဆက်စပ်သံယတရားခံ လူ (၄) ဦးအား ဖမ်းဆီးထားကြောင်း‌ ဒေသခံများက နိရဉ္စရာကို ပြောသည်။

၎င်းဓားပြတိုက်မှုသည် လွန်ခဲ့သည့် ဇန်နဝါရီ ၇ ရက် ည ၈ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဓားပြတိုက်ရာတွင် ပါဝင်သည့်  အမျိုးသား ၆ ဦးသည် ရွှေငွေများကို ဓားပြတိုက်လုယက်သည်သာမက  အိမ်ရှင်လင်မယားကိုလည်း ဓားဖြင့်ခုတ်၍ လင်မယားနှစ်ဦးစလုံးတွင်  ဒဏ်ရာများရရှိကာ ဆေးရုံ၌   ဆေးကုသမှု ခံယူနေကြောင်းသိရသည်။

“ ဓါးပြတိုက်ခံရတဲ့ လင်မယားနှစ်ဦးအထဲက အမျိုးသမီးသေတယ်လို့ သတင်းထွက်ပေမယ့်  မသေပါဘူးခင်ဗျ။  ခုတော့ သံတွဲဆေးရုံမှာ ဆေးကုသခံယူ နေကြပါတယ်။ မြို့ရှောင်လမ်း အပိုလို ကေတီဗွီ ရှေ့နား မြပြင်ရပ်ကွက်မှာ ဖြစ်တာပါ ခင်ဗျ။ ဖမ်းဆီးရရှိတာ လေးယောက် မိထားပြီး လက်ရှိ ဂျိတ္တောရဲစခန်းမှာ ထိန်းသိမ်းထားတယ် သိရပါတယ်” ဟု ငပလီဒေသခံ တစ်ဦးကပြောသည်။

ဓားပြတိုက်ခံရသည့်အိမ်မှာ ဈေးဆိုင်ဖွင့်ထားသည့်အိမ်ဖြစ်ပြီး အိမ်ရှင် အမျိုးသားတွင် လက်ကို အခုတ်ခံရကာ အမျိုးသမီးတွင် နဖူးနှင့် ဗိုက်တို့၌  ဒဏ်ရာရရှိခဲ့သဖြင့်  သံတွဲဆေးရုံသို့ ပို့ဆောင်ကုသနေကြောင်းသိရသည်။

ဓားပြတိုက်သူများသည် နေအိမ်ရှိ ရွှေငွေနှင့် စားစရာများကို ယူဆောင်သွားကြသော်လည်း ၎င်းပစ္စည်းများ၏ တန်ဖိုး အတိအကျကို မသိရှိရကြောင်း ဒေသခံများထံမှသိရသည်။

သံတွဲမြို့နယ်အတွင်း စစ်ကောင်စီတပ်က မြို့ဝင်မြို့ထွက်ဂိတ်များကို ပိတ်ထားသကဲ့သို့ ပင်လယ်ထွက် ငါးဖမ်းခြင်းကို လည်း ပိတ်ပင်ထားသည့်အတွက် ဒေသတွင်းအလုပ်အကိုင်ရှားပါးပြီး ဒေသခံ ပြည်သူများ ဆင်းရဲကျပ်တည်းမှုနှင့် ရင်ဆိုင်နေရကြောင်းသိရသည်။

“ပိတ်ဆို့မှုတွေလဲရှိတယ်။  ခုလိုဖြစ်လာတာ အခြေအနေနည်းနည်းဆိုးသွားလိုဖြစ်တာပေါ့။ ဒေသခံ ပြည်သူတွေ ကတော့ ညဆို တော်တော်လေး ထိတ်လန့်နေကြတော့ လုံခြုံအနေအထားကို ဂရုစိုက်နေကြရပါတယ်။ ကုန်းလမ်း ရေလမ်းပိတ်ဆို့ထားတော့ ဒေသခံတွေစားဝတ်နေရေး နဲ့အလုပ်အကိုင် တော့ တော်တော်လေး အကျပ်အတည်းလေးတော့ဖြစ်နေတော့ မကောင်းမှု ဒုစရိုက်လုပ်ငန်းတွေတိုးလာတဲ့ သဘောလို့မြင်တယ်ဗျာ” ဟု ဒေသခံတစ်ဦးကပြောသည်။

သံတွဲနှင့် တောင်ကုတ်မြို့နယ် အဝင်အထွက်လမ်းများအား နိုဝင်ဘာ ၁၃ ရက်ကတည်းက စစ်ကောင်စီက ပိတ်ခဲ့ခြင်းကြောင့် စားနပ်ရိက္ခာများရှားပါးနေပြီး ဒေသခံပြည်သူများအနေဖြင့်  စျေးကြီးပေးဝယ်ရသည့်အပြင် စားနပ်ရိက္ခာများမှာ ပြတ်တောက်မည့် အခြေအနေနှင့်လည်း  ရင်ဆိုင်နေရကြောင်း သိရသည်။

အလုပ်အကိုင်ရှားပါးမှု၊ ဆင်းရဲကျပ်တည်းမှု အခြေအနေများမှာ တစ်နေ့တခြား ပိုမိုဆိုးရွားလာသဖြင့် ယခုကဲ့သို့ ခိုးဆိုးလုယက်မှုနှင့် ဓားပြမှုများထပ်မံဖြစ်လာမည်ကို  ဒေသခံပြည်သူများက စိုးရိမ်လျက်ရှိသည်ဟု သိရသည်။

ဓာတ်ပုံ - ဓားပြတိုက်ခံရသည့် အိမ်/ Moe Yan Kyel

 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!