စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

အာဆာတပ်မှူးတစ်ဦးကို မြန်မာစစ်တပ်ထုတ် MA-11လက်နက်တစ်လက်၊ ကျည်ဆံ ၁၀တောင့်နှင့်အတူ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင် ဘင်္ဂလာရဲဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 624

နိရဉ္စရာ၊ စက်တင်ဘာ ၂၁/ ၂၀၂၄

ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်၊ အိုကီးယားမြို့နယ်၊ ဖလမ်းခါလီ (Palangkhali) မွတ်ဆလင်ဒုက္ခသည် စခန်းအမှတ် (၁၃)တွင် အာဆာ (ARSA) အကြမ်းဖက်အဖွဲ့မှ တပ်မှူးတစ်ဦးကို မြန်မာစစ်တပ်ကထုတ်သည့် MA-11 အမျိုးအစား သေနတ်တစ်လက်၊ ကျည် (၁၀)တောင့်နှင့်အတူ ဘင်္ဂလာလက်နက်ကိုင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု သတင်း ရရှိသည်။

ဖမ်းဆီးခံရသူမှာ တပ်မှူး Nurul Islam ဖြစ်ပြီး ကြာသပတေးနေ့ (စက်တင်ဘာ ၁၉ ရက်) ညက ဖမ်းဆီးမိသည်ဟု ဘင်္ဂလာရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

သောကြာနေ့ (စက်တင်ဘာ ၂၀ ရက်) နံနက်ပိုင်းက အဆိုပါ သတင်းကို ရဲတပ်ဖွဲ့က ထုတ်ပြန်ရာတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ (APBN)  ရဲမှူး DIG Md Amir Zafar က အဆိုပါသတင်းကို ထပ်လောင်း အတည်ပြုခဲ့သည်။


Arakan Rohingya Salvation Army (Arsa)  အကြမ်းဖက်အဖွဲ့ ဝင်များသည်  ဒုက္ခသည် စခန်း အမှတ် (၁၃) တွင်  လျှို့ဝှက်ပုန်းအောင်းနေကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိပြီးနောက် ၎င်း သတင်းကို အခြေခံပြီး ကြာသပတေးနေ့ညက  ဒုက္ခသည်စခန်းကို ဝင်ရောက်စီးနင်းခဲ့သည်ဟု ရဲမှူး DIG Md. Amir Zafar က ပြောဆိုသည်။

ဘင်္ဂလာရဲတပ်ဖွဲ့က စခန်းကို ဝင်ရောက်စီးနင်းစဉ် မြန်မာနိုင်ငံမှ အကြမ်းဖက် အဖွဲ့ဖြစ်သည့် Arsa ၏ တပ်မှူး Nurul Islam ကို လက်နက်နှင့် အတူ ဖမ်းဆီးလိုက်သည်ဟု ဆိုသည်။

Arsa ဦးဆောင်သော အကြမ်းဖက်အဖွဲ့မှ အဖွဲ့ဝင်များသည် စခန်းအတွင်း ဗုံးခွဲမှုအသစ်ပြုလုပ်ရန် စီစဉ်နေကြောင်း၊ အကြမ်းဖက်အဖွဲ့၏ အခြားအဖွဲ့ဝင်များကို ဖမ်းဆီးနိုင်ရေးအတွက် ရဲတပ်ဖွဲ့က ဆက်လက် လုပ်ဆောင်လျက်ရှိသည်ဟု သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

ဖမ်းဆီးခံထားရသည့် Nurul Islam အား အိုကီးယားမြို့နယ် ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး အမှုဖွင့် ထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပဏာမ စစ်ဆေးမေးမြန်းမှုအတွင်း၊ Nurul Islam သည် Arsa ၏တပ်မှူးအဖြစ်ဖြင့် ဒုက္ခသည် စခန်းတွင် ရာဇ၀တ်မှုအမျိုးမျိုးတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု ဆိုသည်။ Source: Ukhiya News

ဆက်စပ် သတင်းများ