စနေ၊ စက်တင်ဘာလ ၂၈ရက်၊ ၂၀၂၄

ကျောက်ဖြူတွင် ငွေကျပ် ၂ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများနှင့်အတူ လူ ၆ ဦး ဖမ်းမိကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 888


ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ စက်တင်ဘာ ၂၈ / ၂၀၂၄

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၄ ဒသမ ၇၈ သိန်းနှင့်အတူ လူ ၆ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

ယနေ့ထုတ် စစ်ကောင်စီ မြန်မာ့အလင်းသတင်းစာ ဖော်ပြချက်အရ ဖမ်းဆီးခဲ့ရသူများမှာ စက်လှေပေါ်ပါလာသူ  ကိုမြလွင်၊ ကိုမင်းမင်းစိုး၊ ကိုသန့်ဇင်နိုင်၊ ကိုနိုင်လင်းထွန်းနှင့် ရန်ကုန်မှ ပို့ဆောင်ခိုင်းသူ ဇော်မင်းဦး(ခ)ကိုဇော်နှင့် ပြည့်ဖြိုးမောင်တို့ ဖြစ်ကြသည်ဟု သိရသည်။

၎င်းတို့ကို စစ်ကောင်စီပူးပေါင်းရေတပ်အဖွဲ့က စက်တင်ဘာ ၂၃ ရက်၊ နံနက် ၄ နာရီတွင် ကျောက်ဖြူမြို့နယ်အတွင်း ကမ်းရိုးတန်းသွား စက်လှေတစ်စီးပေါ်တွင် စစ်ကောင်စီရေတပ်က ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြသည်။

သူတို့လေးဦးအား ဖမ်းဆီးပြီး ဆက်လက်စစ်ဆေးချက်အရ ဖမ်းဆီးရမိ စိတ်ကြွ ရူးသွပ် ဆေးပြားများကို ရန်ကုန်မှ ရခိုင်ပြည်၊ ပေါက်တောမြို့နယ်သို့ ပို့ဆောင်ခိုင်းသူ ဇော်မင်းဦး(ခ)ကိုဇော်နှင့် ပြည့်ဖြိုးမောင်တို့အား ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီး ခနောင်တိုဆိပ်ကမ်းတွင် စက်တင်ဘာ ၂၄ ရက်၊ နံနက် ၁၀ နာရီတွင် ဆက်လက် ဖမ်းဆီးရမိခဲ့သည်ဟုလည်း ရေးသားထားသည်။

ထို့အပြင် သူတို့သည် စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး ရခိုင်ပြည်သို့ ရေကြောင်းဖြင့်သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်၍ ကျောက်ဖြူဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်းရာ အဆိုပါ အဖမ်းအဆီး သတင်းကို မသိရသေးဟု ဆိုသည်။

 

ဓာတ်ပုံ - CCDAC Myanmar

ဆက်စပ် သတင်းများ