သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

လေးတောင်မှ ကင်းသို့ ပြေးဆွဲနေသည့် ကူးတို့စက်လှေနစ်မြုပ်၍ တစ်ဦးသေ၊ တစ်ဦးဆေးရုံပို့ဆောင်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 6.2k

ခိုင်လူလှ
နိရဥ္စရာ၊ ဇူလိူင် ၇/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မှ ကင်းသို့ ပြေးဆွဲနေသည့် ကူးတို့စက်လှေတစ်စီး ယနေ့နံနက်က နစ်မြုပ်သွား၍ လူတစ်ဦးသေဆုံးပြီး တစ်ဦးကို ဇင်ချောင်းတိုက်နယ်ဆေးရုံတွင် ပို့ဆောင်ဆေးကုသနေရကြောင်း သတင်းရရှိသည်။

ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူးက “ လှေပေါ်မှာ ၁၉ ဦးပါတယ်။ တစ်ဦးဆုံးတယ်။ တစ်ဦးကတော့ ဇင်ချောင်းဆေးရုံတင်ထားရတယ်။ ဒီကနေ့ နံနက် ၆ နာရီကျော်လောက်က ဖြစ်တယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။

သေဆုံးသူမှာ ရမ်းဗြဲ သပြေဆိပ်မှ ဦးမောင်ဝေသာ (၆၁) နှစ်ဖြစ်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးက အတည်ပြု ပြောကြားသည်။

အခင်းဖြစ်ရာ နေရာသို့ ရောက်နေသည့် ကျောက်ဖြူမြို့နယ် အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွှင်က “ နစ်တာက ကင်းမြစ်လယ်ထဲမှာ နစ်တာပါ။ လှေပေါ်ပါလာတဲ့သူတွေရဲ့ အပြောရ တင်လာတဲ့ ကုန်ပစ္စည်းတွေက များတဲ့အတွက် နစ်မြုပ်တာလို့ ပြောပါတယ်။ တစ်ဦးသေတယ်။ ကျန်တဲ့လူတွေကိုတော့ အနီးအနားမှာရှိတဲ့ စက်လှေတွေက ကယ်တင်လိုက်တယ်လို့ သိရပါတယ်” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။


ဇင်းချောင်းတိုက်နယ်ဆေးရုံ ဆရာဝန်သို့ ဆက်သွယ်မေးမြန်းရာ ရေနစ်ရာမှ လွတ်မြောက်လာသူတစ်ချို့ ကုသမှုခံယူရန် ဆေးရုံသို့ ရောက်ရှိလာခြင်းမှာ မှန်ကန်သော်လည်း ပြောပိုင်ခွင့်မရှိသဖြင့် အသေးစိတ်ကို ကျောက်ဖြူခရိုင်ဆေးရုံမှ ဒေါက်တာနေလင်းအောင်သို့ ဆက်သွယ်မေးမြန်းပါဟု ပြောကြားသည်။

ဇူလိုင်လ ၅ ရက် နေ့လယ် ၂ နာရီခန့်ကလည်း ရမ်းဗြဲမြို့နယ်၊ ကလိန်တောင်မြစ်တွင် စက်လှေတစ်စီးနစ်မြုပ်ရာမှ အသက်(၂ဝ) အရွယ် အမျိုးသမီးငယ် တစ်ဦးသေဆုံးပြီး နှစ်ဦးပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ မနန္ဒာအောင် (၂ဝ) နှစ်၊ ပျောက်ဆုံးနေသူမှာ ဦးငစလုံး (၃၂) နှစ်နှင့် ကိုနေအောင်ကို (၂၂) နှစ်တို့ ဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ