စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ဘင်္ဂလာဒေ့ရှ်တောင်ပိုင်းတွင် ဒေသခံနှင့်ဒုက္ခသည်များအကြား တင်းမာမှုအရှိန် မြင့်မားနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 4.4k

နိရဥ္စရာ၊ သြဂုတ်လ ၂၅/၂ဝ၁၉

ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်၊ တက်ကနက် မြို့နယ်၊ နီလာတွင် Jubo league အဖွဲ့မှ ခေါင်းဆောင်တစ်ဦး အသတ်ခံရပြီးနောက် မြန်မာနိုင်ငံက ထွက်ပြေးခိုလှုံနေကြသည့် မွတ်ဆလင် ဒုက္ခသည်များနှင့် ဒေသခံများအကြားတွင် အခြေအနေ တင်းမာနေသည်ဟု ဘင်္ဂလာဒေ့ရှ်က လာသော သတင်းများတွင် ဖော်ပြသည်။

အသက်သုံးဆယ်အရွယ်ရှိ အုမ္မာဖာရုဒ် (နီလာတိုက်နယ် Jubo League ဥက္ကဋ္ဌ) အား လွန်ခဲ့သော ကြာသပတေးနေ့က ဇာတီမူရ (စေတီတောင်) နယ်မြေတွင် အသတ်ခံခဲ့ရပြီး ၎င်းသတ်ဖြတ်မှုကို မြန်မာဘက်က ဝင်လာသူ ဒုက္ခသည်များက ကျူးလွန်ကြောင်း မိသားစုများက စွပ်စွဲထားသည်။ အုမ္မာဖာရုဒ်သည် အသတ်မခံရမီက ၎င်းတို့၏ ခေါ်ဆောင်ခြင်းကို ခံခဲ့ရသည်ဟု မိသားစုက ဆိုသည်။

ကော့စ်ဘဇားခရိုင်ရဲတပ်ဖွဲ့ ဘင်္ဂလာဒေ့ရှ် ရဲမှူး တစ်ဦးဖြစ်သူ ABM Masud Hossain က ပြောသည်မှာ အသတ်ခံရသူ ဖာရုဒ်သည် ဒုက္ခသည် စခန်းထဲမှ ခေါင်းဆောင်တစ်ချို့နှင် စကားများခဲ့ပြီး  နေရာတစ်ခုသို့ အရောက်တွင် သေနတ်ဖြင့် ဦးခေါင်းကို ပစ်ခတ် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်ဟု ဆိုသည်။

၎င်းသတင်းမှာ ချက်ချင်းပျံ့နှံ့သွားပြီး ရာနှင့်ချီသော ဘင်္ဂလာဒေ့ရှ် ဒေသခံများသည် သောကြာနေ့က ကော့စ်ဘဇားနှင့် တက်ကနက် ကားလမ်းမကြီးကို ပိတ်ဆို့ပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ နောက်ပိုင်းတွင် ဇာတီမူရ ဒုက္ခသည်စခန်းတွင်းသို့ ဝင်ရောက်ပြီး အိမ်နှင့်စျေးဆိုင် အများအပြားကို ဖျက်ဆီးပစ်ခဲ့ကြသည်။ ၎င်းစခန်းတွင် ဒုက္ခသည် တစ်သောင်းကျော်နေထိုင်သည်ဟု ဆိုသည်။

စနေနေ့နံနက်ပိုင်းက  ၎င်းလူသတ်မှုကို ကျူးလွန်သူဟု အမှုဖွင့်ခံထားရသူ မြန်မာနိုင်ငံက ဝင်ရောက်လာသူ နှစ်ဦးကို ဘင်္ဂလာရဲက ဇာတီမူရ နယ်မြေအတွင်း အပြန်အလှန်ပစ်ခတ်မှုအတွင်း ပစ်သတ်ခဲ့သည်။

၎င်းလူသတ်မှုကြောင့် မူဆလင်ဒုက္ခသည်စခန်းများတွင် ဆိုးရွားသော အခြေအနေ တစ်ခုခု ဖြစ်လာမည်ကို စိုးရိမ်နေကြပြီး အများစု ဒုက္ခသည်များမှာ အရေးပေါ်မဟုတ်လျှင် အပြင်သို့ မထွက်ကြဟု ဆိုသည်။

လက်ရှိ အခြေအနေမှာတင်းမာလျက်ရှိနေသည်ဟု ဆိုသည်။

ဖာရုဒ်၏ ယောက်ဖဖြစ်သူ Amir Hamzaက ဖာရုဒ်၏ နိုင်ငံရေး ပြိုင်ဘက်များက မြန်မာနိုင်ငံဘက်က ဝင်လာသည့်  လူဆိုးလူမိုက်များကို ငှားရမ်းပြီး သတ်ပစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဖာရုဒ်သည် နီလာမြို့ ယူနီယံ ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်  စီစဉ်ထားသည်ဟု ပြောသည်။

၎င်းက ယောက်ဖဖြစ်သူက ဖာရုဒ်သေဆုံးမှုအတွက် တရားမျှတမှုကို တောင်းဆိုသည်။

ဆက်စပ် သတင်းများ