ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မြေပုံမြို့နယ်တွင် အလယ်တန်းပြကျောင်းဆရာတစ်ဦး ကြိုးဆွဲချသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 4.2k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ စက်တင်ဘာ ၁၇/၂ဝ၁၉

ရခိုင်ပြည်နယ် မြေပုံမြို့နယ် သရက်တောင်ကျေးရွာတွင် ယနေ့ နံနက်ပိုင်းက အလယ်တန်းပြကျောင်းဆရာတစ်ဦး ကြိုးဆွဲချသေဆုံးသွားကြောင်း ကမ်းထောင်းကြီးမြို့ စေတနာရှင်များ နာရေးကူညီမှုအသင်းမှ သိရသည်။

ကြိုးဆွဲချသေဆုံးသွားသူမှာ မြေပုံမြို့နယ် သရက်တောင်ကျေးရွာ အလက(ခွဲ)ကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် အလယ်တန်းပြကျောင်းဆရာ ဦးစိုးဝင်းသန်း (၃၇ နှစ်ခန့်)ဖြစ်သည်။

သူသည် သူ၏ဖခင်နေအိမ်တွင် ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၇ နာရီခန့်က ကြိုးဆွဲချသေဆုံးသွားခြင်းဖြစ်သည်ဟု ကမ်းထောင်းကြီးမြို့ စေတနာရှင်များ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးမောင်ချယ်ရီက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

"သူက နေတာက စာသင်ကျောင်းအဆောင်မှာ နေတာ။ အခုဖြစ်တာက ရွာထဲက သူ့အဖေရဲ့နေအိမ်မှာဖြစ်တာ။ မနက်ပိုင်းကလည်း သူ့အဖေနဲ့ စကားတွေပြောနေခဲ့သေးတယ်လို့ သိရပါတယ်။ ပြီးမှ အခန်းထဲဝင်သွားပြီးတော့ ကြိုးဆွဲချသေသွားခဲ့တာ။ အခန်းတံခါးကိုတောင် ဖြိုဖျက်ပြီး ဝင်ခဲ့ရတယ်လို့ ပြောပါတယ်"ဟု ဦးမောင်ချယ်ရီက ဆိုသည်။

သေဆုံးသွားသည့်ကျောင်းဆရာသည် မိသားစုနှင့် ပြဿနာတစ်စုံတရာဖြစ်ပွားမှုမရှိခဲ့သော်လည်း သူသည် ယခင်က အရက်သောက်သုံးခဲ့သူတစ်ဦးဖြစ်သည့်အတွက် စိတ်ဖောက်ပြန်တတ်သူတစ်ဦးဖြစ်သည်ဟုလည်း ရွာသားများက ပြောသည်။

" အိမ်မှာ တစ်ခုမှ ပြဿနာဖြစ်ခဲ့တာမရှိဘူး။ သူ့မှာက နဂိုကလည်း စိတ်ဖောက်ပြန်တတ်တယ်ဆိုတော့ အခုလိုဖြစ်သွားတာ နေမှာပါ"ဟု သရက်တောင်ကျေးရွာမှ အမျိုးသမီးတစ်ဦးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

သေဆုံးသွားသည့်ကျောင်းဆရာသည် ဒုတိယအိမ်ထောင်ကျထားသည်မှာ ၇ ရက်ခန့်သာရှိသေးပြီး သားသမီးမရှိဘဲ ဇနီးနှင့်အတူ စာသင်ကျောင်း အဆောင်တွင်နေထိုင်သူဖြစ်သည်။

လက်ရှိတွင် သူ၏ရုပ်အလောင်းအား သရက်တောင်ကျေးရွာမှတဆင့် ကမ်းထောင်းကြီးမြို့ဆေးရုံသို့ ပို့ဆောင်ထားသည်ဟုလည်း သိရသည်။

 ဓာတ်ပုံ - မောင်ချယ်ရီ (ကမ်းထောင်းကြီး)

 

ဆက်စပ် သတင်းများ