နိရဥ္စရာ၊ ဒီဇင်ဘာ ၉/၂၀၁၉
မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး( ICJ) ၌ ဂမ်ဘီယာနိုင်ငံက စွဲဆိုထားသော အမှုကို နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့တွင် ကြားနာစစ်ဆေးစဉ် နိုင်ငံတကာ သတင်းဌာန ၁၂၀ မှ လာရောက်သတင်းယူရန် မှတ်ပုံတင်ထားသည်ဟု သတင်းရရှိသည်။
၎င်းသတင်းဌာနများအနေဖြင့် သုံးရက်လုံးလုံး ၎င်းလျှောက်လဲချက်ကြားနာပွဲကို သတင်းတင်ဆက်ကြမည်ဟု ဆိုသည်။
ဂမ်ဘီယာနိုင်ငံက ကြားဖြတ်စီမံချက်ဆောင်ရွက်ချက် အဖြစ် ( Provisional Measures) ချမှတ်ပေးရန် လျှောက်ထားချက်နှင့် ပတ်သက်၍ နှစ်ဖက်စလုံးက နုတ်ဖြင့် လျှောက်လဲချက်များကို တင်သွင်းကြမည် ဖြစ်သည်။
၎င်းတင်သွင်းခြင်းကို ဒီဇင်ဘာ ၁၀ ၊ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ပြုလုပ်ကြမည် ဖြစ်ရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာ ၁၁ ရက်နေ့တွင် လျှောက်လဲချက်ကို နုတ်ဖြင့် တင်သွင်းသွားမည် ဖြစ်ကြောင်း သိ၇သည်။
ဘင်္ဂလာဒေ့ရှ်နိုင်ငံမှလည်း နိုင်ငံခြားရေး အတွင်းဝန် M Shahidul Haqu ခေါင်းဆောင်သော အဖွဲ့သည် ၎င်းကြားနာပွဲသို့ တက်ရောက်နားထောင်ရန် အတွက် လွန်ခဲ့သည့် စနေနေ့ ထွက်ခွာသွားပြီဟု ဘင်္ဂလာဒေ့ရှ်က လာသော သတင်းများတွင် ဖော်ပြသည်။
၎င်းပြင် သည်ဟိတ်ဂ် ကြားနားပွဲသို့ ကနေဒါနိုင်ငံမှ ဝန်ကြီးဌာနအဆင့် တာဝန်ရှိသည့် အဖွဲ့တစ်ခုလည်း လာရောက်မည် ဖြစ်ပြီး ဘင်္ဂလာဒေ့ရှ်ကိုယ်စားလှယ်အဖွဲ့နှင့် ပူးပေါင်းကာ အဆိုပါ တရားစွဲထားသော အမှု အောင်နိုင်ရေးကို ပူးပေါင်း ဆောင်ရွက်ကြမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ ဘင်္ဂလာဒေ့ရှ် အရာရှိ တစ်ဦးကို ကိုးကားပြီး Dhaka Tribune တွင် သတင်းဖော်ပြထားသည်။
အစ္စလာမစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(OIC) ၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင် ဖြစ်သော ဂမ်ဘီယာနိုင်ငံသည် ကုလသမဂ္ဂလက်အောက်ခံ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှု ( Genocide) ဖြင့် နိုဝင်ဘာ ၁၁ ရက်နေ့က တရားစွဲဆိုထားသည်။
ထိုသို လျှောက်ထားမှုကို တုံ့ပြန်ရန်အတွက် မြန်မာနိုင်ငံမှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အဖွဲ့သည် ဒီဇင်ဘာ ၈ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားပြီး ယခုအခါ နယ်သာလန်နို်င်ငံသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိ၇သည်။
------------------------------
Unicode: