Preview

ရသေ့တောင်မြို့နယ်တွင် မျှစ်ချိုးသွားသူအမျိုးသားတစ်ဦးကို သေဆုံး၍တွေ့ရှိ

ဇူလိုင် ၃၁/ ၂၀၂၀ | ကြည့်ရှုသူ :4538
မှုခင်း သတင်း

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ ဇူလိုင် ၃၁ / ၂၀၂၀

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မယူကမ်း၊ သံချောင်းကျေးရွာမှ အမျိုးသားတစ်ဦးကို တောင်ပေါ် မျှစ်ချိုးသွားရာမှ သေဆုံး၍တွေ့ရှိခဲ့သည်ဟု မိသားစုများက ပြောသည်။ 

သေဆုံးသွားသူမှာ မယူကမ်း သံချောင်းကျေးရွာမှ ဦးဝေတင်အောင် အသက် (၆၀)နှစ် ဖြစ်ကြောင်း သိရှိ၇သည်။

ဦးဝေတင်အောင်သည် ယမန်နေ့ မနက် ၉ နာရီခန့်က ရွာ၏အနောက်ဖက် ၂ မိုင်ခန့်တွင်ရှိသော တောင်တန်းသို့ မျှစ်ချိုးဖို့သွားရာမှ အိမ်သို့ ပြန်မရောက်သဖြင့် မိသားစုဝင်များနှင့် ကျေးရွာသားများက ယနေ့ နံနက်က လိုက်လံ ရှာဖွေခဲ့ကြရာ နံနက် ၁၀ နာရီခန့်က သေဆုံးနေသည့် သူ့၏ရုပ်အလောင်းကို တွေ့ရှိခဲ့ရကြောင်း သေဆုံးသွားသူ၏ မိသားစုဝင်တစ်ဦးဖြစ်သူ ဦးကျော်အေးစိန်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။ 

 “ မနေ့နံနက်ကတည်းက မျှစ်ချိုးဖို့ သွားတာ၊  သူ့ပြန်မရောက်လို့ သွားရှာကြတော့ ဒီနေ့ မနက်မှာ သူ့သေဆုံးနေတာကို တွေ့ရှိရတယ်။ တောင်ပေါ်က နည်းနည်းလိမ့်ကျပြီး သေဆုံးနေတာကိုတွေ့ရတယ်။ တောင်အောက်ကိုတော့ မကျဘူး။ အဲဒီနားမှာ ဝါးပင်တွေရှိတော့ အောက်ကို ပြုတ်မကျသွားဘူး။ အဲဒီမှာ တင်ပြီး သေနေတာကို တွေ့ရတယ်။ ခန္ဓာမှာ ဒဏ်ရာ၊ ဒဏ်ချက်တွေလည်း မတွေ့၇ဘူး” ဟု ပြောသည်။ 

သေဆုံးသွားသူ ဦးဝေတင်အောင်မှာ သွေးတိုးရောဂါမကြာခဏဖြစ်ပွားလေ့ရှိသဖြင့် မိသားစုဝင်များက သွေးတိုးရောဂါဖြင့် ခေါင်မူးပြီးတောင်ပေါ်မှ လိမ့်ကျသေဆုံးသွားသည်ဟု ထင်မြင် ယူဆထားကြောင်း ၎င်းက ပြောသည်။

“ သူ့ကိုတွေ့ရတာကတော့ သူ့မျှစ်ချိုးလို့ ပြန်လာချိန်မှာ သေဆုံးပုံ၇ပါတယ်။ သေဆုံးနေတဲ့ သူ့အနားမှာ မျှစ်လည်း ၁၀ ပိဿာ လောက်တွေ့တယ်။  မျှစ်ချိုးလို့ပြန်လာတဲ့အချိန်မှာ ဆုံးတယ်လို့ ပြောလို့၇ပါတယ်” ဟု ဦးကျော်အေးစိန်က ဆက်လက်ပြောဆိုသည်။ 

ယခုအခါ သူ့၏ရုပ်အလောင်းကို သံချောင်းရွာ၏ သုသာန်တွင် ထားရှိပြီး သြဂုတ်လ ၁ ရက်နေ့တွင် သင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း သိရှိ၇သည်။


#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.