နိရဥ္စရာ၊ ၂၆/၂၀၂၀(နိုင်ငံတကာ)
ယူကရိန်းတွင် (ယမန်နေ့) သောကြာနေ့ ညနေပိုင်းက စစ်တပ် သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်းပျက်ကျ၍ လေတပ်ဗိုလ်လောင်း၂၂ ဦး သေဆုံးသွားကြောင်း Reuters တွင် သတင်းဖော်ပြသည်။
၎င်းလေယာဉ်သည် လေတပ်ဗိုလ်လောင်းများ တင်ဆောင်လာစဉ် ယူကရိန်း အရှေ့မြောက်ပိုင်း အဝေးပြေး လမ်းမကြီးဘေးတွင် ပျက်ကျခဲ့ပြီး ဗိုလ်လောင်း ၂၂ ဦး သေဆုံးခဲ့သည်ဟု စစ်ဘက် အရာရှိများကပြောကြားခဲ့သည်။
ပျက်ကျသည့် လေယာဉ်မှာ Antonov An-26 အမျိုးအစား သယ်ယူပို့ဆောင်ရေး လေယာဉ်ဖြစ်ပြီး လေ့ကျင့်မှုတစ်ခုအတွင်း ဆင်းသက်ရန် ကြိုးစားစဉ် ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် Ruslan Khomchak ကပြောကြားခဲ့သည်။
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Anton Gerashchenk ကလည်း သူ၏ ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်စာမျက်နာထက်မှ တင်ထားသည့် ဗီဒီယိုတွင် လေယာဉ် လမ်းဘေးတွင် မီးလောင်နေပြီး ညကောင်းကင်ယံတွင်မီးခိုးများတက်နေသည့်ပုံ ဖော်ပြထားသည်။
နောက်ပိုင်းတွင် ကယ်ဆယ်ရေးလုပ်သားများသည် Chuhuiv မြို့အနီးတွင် မီးခိုးပုံကြားက အပျက်အစီးများကို စစ်ဆေးနေသည့် ပုံများကို ပြသခဲ့သည်။
လေယာဉ်ပျက်ကျရသည့်အကြောင်းအရင်းအား ယူကရိန်း တာဝန်ရှိသူများမှ စတင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီဟု ဆိုသည်။
Source: Military plane carrying air force cadets crashes in Ukraine, killing 22