ဖိလစ်ပိုင်မူးယစ်ဆေးဝါး နှိမ်နင်းရေးအပေါ် စုံစမ်းစစ်ဆေးနေခြင်းကို ICC ဆိုင်းငံ့


နိရဉ္စရာ၊ နိုဝင်ဘာ ၂၁/ ၂၀၂၁ (Htay Oung/ နိုင်ငံတကာ)

သမ္မတ ရိုဒရီဂိုဒူတာတေး၏ မူးယစ်ဆေးဝါးနှိမ်နင်းစဉ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများအဖြစ် သံသယရှိဖွယ် ဖြစ်စဉ်များအပေါ် စုံစမ်းစစ်ဆေးလျှက်ရှိခြင်းကို ဖိလစ်ပိုင်အစိုးရ၏ တောင်းဆိုချက် အရ နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ၏ တရားစွဲအရာရှိချုပ်က ဆိုင်းငံ့လိုက်ကြောင်း Reuters က ယနေ့ရေးသားသည်။

 

မူးယစ်ဆေးဝါးရောင်း၀ယ်သည်ဟု သံသယရှိသူ ထောင်ပေါင်းများစွာ သေဆုံးခဲ့ရသည့် စစ်ဆင်ရေး အပေါ် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ICC တရားသူကြီးများက လွန်ခဲ့သည့် စက်တင်ဘာလတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။ တရားဥပဒေစိုးမိုးရေးအေဂျင်စီများသည် သမ္မတ၏ တစ်ချက်လွှတ် ကျောထောက်နောက်ခံဖြင့် လူအများအပြားတို့အား ကွပ်မျက်ခဲ့သည်ဟု တက်ကြွလှုပ်ရှားသူများက ပြောဆိုလျှက်ရှိသည်။

 

အဆိုပါ သတ်ဖြတ်မှုမှာ ရဲတပ်ဖွဲ့၏ မိမိကိုယ်ကို ခုခံကာကွယ်ခြင်းသာဖြစ်ပြီး ICC အနေဖြင့် ဝင်ရောက် စွက်ဖက်ပိုင်ခွင့် မရှိကြောင်း ဖိလစ်ပိုင်အာဏာပိုင်တို့က ပယ်ချခဲ့သည်။

 

ICC မှ ထုတ်ပြန်သည့် တရားရုံးဆိုင်ရာစာရွက်စာတမ်းများနှင့် မူးယစ်ဆေးဝါးနှိမ်နင်းစဉ်အတွင်း သတ်ဖြတ်မှုများ အပေါ် နိုင်ငံတွင်း ကိုယ်ဖာသာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ဖိလစ်ပိုင် တာဝန်ရှိသူများ၏ စနေနေ့တွင် အတည်ပြုချက်အား ကိုးကားလျှက် စုံစမ်းစစ်ဆေးမှုကို ရွှေ့ဆိုင်းရန် နိုဝင်ဘာ ၁၀ ရက်နေ့တွင် ဖိလစ်ပိုင်က တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

 

ရွှေ့ဆိုင်းရေးတောင်းဆိုမှု၏ အတိုင်းအတာနှင့် အကျိုးသက်ရောက်မှုတို့ကို အကဲဖြတ်နေစဉ် ကာလအတွင်း နိုင်ငံတကာရာဇဝတ်တရားရုံး၏ စုံစမ်းစစ်ဆေးရေးလုပ်ငန်းများကို ယာယီ ဆိုင်းငံ့ထားလိုက်ပြီး ဖိလစ်ပိုင်နိုင်ငံထံမှ နောက်ထပ်အချက်အလက်များကို ရှာဖွေသွားမည်ဖြစ်ကြောင်း ICC တရားစွဲအရာရှိချုပ် ကာရင်ခန်က သတင်းထုတ်ပြန်သည်။

 

နိုင်ငံအစိုးရများအနေဖြင့် ၎င်းတို့ကိုယ်တိုင် စုံစမ်းစစ်ဆေးမှုနှင့် တရားစွဲဆိုမှုများကို အကောင်အထည် ဖော်ပါက အမှုကို ရွှေ့ဆိုင်းပေးရန် ICC ထံ တောင်းဆိုနိုင်ကြောင်း သိရှိရသည်။

 

အသက် ၇၆ နှစ်အရွယ်ရှိ ဒူတာတေးသည် ၂၀၁၈ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံအား ICC မှ နုတ်ထွက်ခဲ့ပြီး၊ နိုင်ငံတကာတရားရုံးက ၄င်းအပေါ် တရားစွဲတင်ရန် စီရင်ပိုင်ခွင့်မရှိကြောင်း ပြောကြားခဲ့သည်။

 

ဖိလစ်ပိုင်က ICC အဖွဲ့ဝင်ဖြစ်နေစဉ်နှင့် ၂၀၁၉ ခုနှစ်အထိ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအား စုံစမ်းစစ်ဆေးရန် ICC ၌ အခွင့်အာဏာရှိနေသည်။

 

စုံစမ်းမှု ရွှေ့ဆိုင်းပေးရန်အတွက် ဖိလစ်ပိုင်၏ တောင်းဆိုခြင်းသည် ICC နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ဆိုလိုရင်း မဟုတ်ကြောင်း ဒူတာတီးအစိုးရ၏ ထပ်ခါတလဲလဲ ကြေညာချက်ထုတ်ပြန်ရာ၌ ပါရှိသည်။

 

ယခုကိစ္စအပေါ် အသစ်ပြန်လည်သုံးသပ်ရန် သင့်လျော်ကြောင်း ယူဆသည့် ICC တရားစွဲအရာရှိသစ်၏ ဆင်ခြင်တုုံတရားနှင့် ပြည့်စုံမှုကို ကြိုဆိုကြောင်း၊ ဖိလစ်ပိုင်အစိုးရ၏ အပြစ်မရှိသည့်အလျောက် ဆုံးဖြတ်ပိုင်ခွင့်ကို အလေးထားခြင်း၊ ဖိလစ်ပိုင် တရားစီရင်ရေးစနစ်၏ ရှင်သန်မှုကို အသိအမှတ်ပြုမှု တို့ဖြင့် ယခုကိစ္စအား အဖြေရှာနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း သမ္မတဒူတာတီး၏ ယာယီ ပြောရေးဆိုခွင့်ရှိသူက စနေနေ့၌ သတင်းထုတ်ပြန်သည်။

 

ဖိလစ်ပိုင်ရှေ့နေများအဖွဲ့ကမူ မူးယစ်ဆေးဝါးနှိမ်နင်းမှု စစ်ခင်းစဉ်ကာလအတွင်း သားကောင်ဖြစ်ရသူ မိသားစုများ၏ မျှော်လင့်ချက် အလင်းတန်းများကို ဖယ်ရှားခြင်း မပြုရန် ICC အား တောင်းဆိုလိုက်သည်။

 

ဒူတာတီး အစိုးရအဖွဲ့၏ ယခုပြောဆိုလျှက်ရှိသည်တို့ကြောင့် ICC ကိုယ်တိုင် မိမိကိုယ်မိမိ လှည့်ဖြားရာ မရောက်သင့်ကြောင်း၊ ဖိလစ်ပိုင် တရားစီရင်ရေးစနစ်သည် အလွန်အမင်းနှေးကွေးပြီး ဆင်းရဲနွမ်းပါး၍ ရှေ့နေ မငှားနိုင်သည့် သားကောင်အများစုအတွက် အချီးနှီးဖြစ်ကြောင်း ဖိလစ်ပိုင်အမျိုးသားရှေ့နေများကောင်စီ၏ ထုတ်ပြန်ကြေညာချက်၌ ဖော်ပြထားသည်။

 

လက်ရှိ ဖိလစ်ပိုင်ပြည်တွင်း ယန္တရားများသည် နိုင်ငံသားများအပေါ် တရားမျှတမှုကို ဆောင်ကျဉ်း ပေးပါမည်ဟု ICC ထံ အစိုးရ၏ တောင်းဆိုချက်မှာ ဖြစ်နိုင်ချေ မရှိကြောင်း၊ ဥပါယ်တံမျဉ် လှည့်စားခြင်းကို ICC က တစ်ဖက်တစ်လမ်းမှ မြင်တွေ့နိုင်မည်ဟု မျှော်လင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်သူများက ပြောဆိုသည်။

 

လာမည့်နှစ် ရွေးကောက်ပွဲများတွင် ဆီးနိတ်လွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံရန် ယခုသီတင်းပတ်တွင် မဲဆွယ်ပွဲ စတင်ခဲ့သည့် ဒူတာတီးအတွက် ICC ၏ ဆုံးဖြတ်ချက်မှာ တွန်းအားပေးမှုတစ်ခုဖြစ်လာသည်။ ၎င်းအား သမ္မတအဖြစ် ပြန်လည်အရွေးခံရန်ကိုမူ အခြေခံဥပဒေက တားမြစ်ထားသည်။

 

ဒူတာတီးအနေဖြင့် ရွေးကောက်ပွဲ ဟောင်ဖွာ ဟောင်ဖွာလုပ်ရန် စိတ်အေးရပြီဖြစ်သော်လည်း အထူးသဖြင့် နောင်အာဏာရရှိလာမည့်အစိုးရက ICC နှင့် ပူးပေါင်းရန် ဆုံးဖြတ်ခဲ့လျှင် ရွေးကောက်ပွဲ အပြီး နှုတ်ဆွံ့သွားလိမ့်မည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက Reuters သို့ ပြောကြားသည်။

 

ဆယ်စုနှစ် နှစ်ခုနီးပါး သက်တမ်းအတွင်း ICC အနေဖြင့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စပ်လျဉ်း၍ လူငါးဦးအား စီရင်ချက် ချမှတ်နိုင်ခဲ့ရာ ဒီမိုကရက်တစ်ကွန်ဂိုသမ္မတနိုင်ငံမှ အာဖရိက ပြည်သူ့စစ်ခေါင်းဆောင်များအားလုံး၊ မာလီနှင့် ယူဂန်ဒါနိုင်ငံတို့မှ ဖြစ်သည်။

 

(Reuters., 20 Nov 2021,” ICC prosecutor suspends probe into Philippines drugs war” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Share: