ဖွံ့ဖြိုးမှုအနည်းဆုံးတိုင်းပြည် (LDC) အဖြစ်မှ ဘင်္ဂလားဒေ့ရှ်၊ နီပေါနှင့် လာအိုတို့ လွတ်မြောက်ကြောင်းကုလအတည်ပြု


နိရဉ္စရာ၊ နိုဝင်ဘာ ၂၇ ( Htay Oung/နိုင်ငံတကာ)

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) သည် ဘင်္ဂလားဒေ့ရှ်နင့် အခြား နှစ်နိုင်ငံ ဖြစ်ကြသည့် နီပေါနှင့် လာအိုနိုင်ငံတို့ကို ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) အဆင့်အတန်းမှ လွတ်မြောက်ကြောင်း သမိုင်းဝင် ဆုံးဖြတ်ချက် တစ်ရပ်ကို ချမှတ်လိုက်သည် ဟု Dhaka Tribune က နိုဝင်ဘာ ၂၅ ရက်နေ့က ရေးသားသည်။

ဗုဒ္ဓဟူးနေ့တွင် ကုလသမဂ္ဂ၏ အတည်ပြုချက်၌ LDC အဆင့်အတန်းမှ လွတ်မြောက်သည့် ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်သို့ ရောက်ရှိကြောင်း ပြင်ဆင်ရန် ၃ှစ်အစား ၅ နှစ် သတ်မှတ်လိုက်သည်ဖြစ်ရာ ယခုဆုံးဖြတ်ချက်မှာ ၂၀၂၆-ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့၌ စတင် အသက်ဝင်မည်ဖြစ်သည်။

ထိုသို့ LDC တိုင်းပြည်အဆင့်သတ်မှတ်မှုမှ ကင်းရှင်းလွတ်မြောက်ကြောင်း ခွင့်ပြုချက်ရရှိသည့် ဘင်္ဂလားဒေ့ရှ်နှင့် အခြား ၂ နိုင်ငံတို့မှာ နီပေါနှင့် လောနိုင်ငံတို့ ဖြစ်ကြောင်း သိရှိရသည်

အဆိုပါ နိုင်ငံ ၃-နိုင်ငံတို့သည် ပြင်ဆင်ဆောင်ရွက်ချိန် ယခင် စံသတ်မှတ်သည့် ၃ နှစ်အစား ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလဖြစ်၍ ၅ နှစ်သို့ ထူးခြားချက်အရ တိုးမြှင့်သတ်မှတ်ကြောင်း၊ ၄င်းကာလပြီးဆုံးသည့်အခါ LDC နိုင်ငံအဆင့်မှ လွတ်မြောက်ခွင့် ရရှိမည်ဖြစ်ကြောင်း။ ၄င်းနိုင်ငံများအနေဖြင့် Covid-19 ရောဂါလွန်ကာလ၌ ပြန်လည်ထူထောင်နှင့် ကပ်ရောဂါ ရိုက်ခတ်ခြင်းဒဏ်ကြောင့် ဖြစ်ပေါ်ခဲ့သော စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ထိခိုက်ပျက်စီးမှုများကို ပြန်လည်တွန်းလှန်ရန်အတွက် မူဝါဒများနှင့် မဟာဗျူဟာများကို အကောင်အထည် ဖော်နိုင်ရန်ဖြစ်ကြောင်း ကုလသမဂ္ဂ ၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည် ဆို၏။

လူမှုစီးပွားရေးနှင့် လူသားရင်းမြစ်ဖွံ့ဖြိုးမှုအညွှန်းကိန်းပေါ် မူတည်ဆုံးဖြတ်သည့် ကမ္ဘာ့ကုလသမဂ္ဂ၏ ဖွံဖြိုးတိုးတက်ရေးမူဝါဒ (CDP) အရ ဖွံ့ဖြိုးဆဲတိုင်းပြည်များတွင် ဖွံ့ ဖြိုးမှု အနည်းဆုံးတိုင်းပြည် LDC စာရင်းဝင် (အာဆီယံ၌ မြန်မာ၊ ကမ္ဘောဒီးယား အပါအဝင်) ၄၆ နိုင်ငံ ရှိနေသည်။ ၎င်းတို့အနက် ဘင်္ဂလားဒေ့ရှ်နှင့် ဘူတန်အပါ အဝင် ၇-နိုင်ငံတို့သည် LDC အဆင့်အတန်းမှ လွတ်မြောက်ရန် ပြင်ဆင်လျှက်ရှိကြသည်။

ယခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ကုလသမဂ္ဂကော်မတီ၏ ဒုတိယအကြိမ် ပြန်လည်သုံးသပ်ရာ၌ ဘင်္ဂလားဒေ့ရှ်အား LDCs နိုင်ငံများစာရင်းမှ ပယ်ဖျက်ရန် အကြံပြုထားသည်။

ယင်းမတိုင်မီ ၂၀၁၈ ခုနှစ် မတ်လတွင် ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ် စံသတ်မှတ်ချက် ၃ခုစလုံး၌ ဘင်္ဂလားဒေ့ရှ်မှာ လိုအပ်ချက်များ ပြည့်စုံခဲ့ပြီး ဖြစ်ကြောင်း၊ LDCs စာရင်းဝင်တိုင်းပြည်အဖြစ်မှ ပယ်ဖျက်ထိုက်သည့် အရည်အချင်းနှင့် ပြည့်မီကြောင်း CDP က ကြေညာခဲ့သည်။

ကုလသမဂ္ဂ၏ အလိုအရ နိုင်ငံသား တစ်ဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၁,၂၃၀ ဖြစ်ရေးမှာ ဖွံ့ဖြိုးမှု အနည်းဆုံးမှ ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်သို့ ကူးပြောင်းရန်အတွက် လိုအပ်ချက်များအနက် အချက် တစ်ခုဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်၏ လက်ရှိတစ်ဦးချင်းဝင်ငွေမှာ ၂,၅၅၄ ကန်ဒေါ်လာဖြစ်သည်။

ထို့အပြင် ပြင်ဆင်ပြောင်းလဲရန်အတွက် စီးပွားရေးတွင် ခုခံနိုင်မှု အားနည်းချက်_အညွှန်းကိန်း (EVI) ၃၂-မှတ် အောက်နှင့် လူသားရင်းမြစ်အရည်အချင်း အညွှန်းကိန်း (HAI) တွင် ၆၆-မှတ် အထက် ရှိရမည်ဖြစ်သည်။ ဖေဖော်ဝါရီလတွင် ဘင်္ဂလားဒေ့ရှ်က EVI- ၂၇.၃ မှတ်နှင့် HAI ၇၅.၃ မှတ် ရရှိထားသည်။

LDC နိုင်ငံအဖြစ် ဖွံ့ဖြိုးတိုးတက်ရေးတွင် ကြွေးမြီအချို့ လျော်ပစ်ခြင်းအပါဝင် ဘဏ္ဍာရေးဆိုင်ရာ အထောက် အပံ့များ ရရှိနိုင်သည် အထူးသဖြင့် အလှူရှင်များနှင့် ငွေကြေးအဖွဲ့အစည်းများထံမှ သက်သာနှုန်းထားနှင့် ချေးငွေများ ရရှိနိုင်သည်။ ကျန်းမာရေး ပညာရေးတို့တွင် အထူးအကူအညီ ရရှိနိုင်သည်။ ဘက်စုံကုန်သွယ်မှုစနစ် ဦးစားပေး စျေးကွက်ဝင်ရောက်ခြင်းနှင့် အထူးကုစားမှုများ ခံစားရနိုင်သည်။ သို့သော် ဆင်းရဲလျှင် လူရာမဝင်သကဲ့သို့ နှစ်နိုင်ငံအချင်းချင်း ခပ်မြက်မြက်လေး ချေးချင် ငှားချင်သူ ရှားပါးသွားသည်။ နိုင်ငံတကာ ဆက်ဆံရေးတွင် အထင်သေးသော အကြည့်နှင့် ဆက်ဆံခံရမည်ဖြစ်သည်။ အထူးသဖြင့် HAI နိမ့်ကျနေသော တိုင်းပြည်မှ ဘွဲ့ဒီဂရီရရှိသည် ဆိုသူများကို အလုပ်အကိုင်ပေးလိုသည့်နိုင်ငံ ရှားပါးသွားသည်။

ထိုအဆင့်မှ လွတ်မြောက်သွားလျှင်လည်း ပြောင်းပြန်ရလဒ်များ၏ စိန်ခေါ်ခြင်းကို ရင်ဆိုင်ရမည်ဖြစ်သည်။

 

(Dhaka Tribune., 25 November 2021,” UNGA adopts resolution to graduate Bangladesh from LDC” ကို #HtayOung, #OungMarine ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

Share: