Preview

အာဖဂန်မြေပေါ်တွင် အယ်လ်ကိုင်ဒါး၊ အိုင်အက်စ်တို့ကို တာလီဘန်တို့က ခွင့်မပြုရန်နှင့် မည်သည့်နိုင်ငံကိုမျှ ခြိမ်းခြောက်မှုမပြုရန် အမေရိကန်ပြော

ဒီဇင်ဘာ ၀၁/ ၂၀၂၁ | ကြည့်ရှုသူ :1381
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ ဒီဇင်ဘာ ၁/ ၂၀၂၁(Htay Oung/ နိုင်ငံတကာ)

ကာတာနိုင်ငံဒိုဟာမြို့တွင် တာလီဘန်ကိုယ်စားလှယ်များ၊နည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့်အဆင့်မြင့်တွေ့ဆုံမှုအတွင်း အာဖဂန်နစ္စတန်တွင် အယ်လ်ကိုင်ဒါးနှင့် IS အိုင်အက်စ်အဖွဲ့များ ဆက်လက်တည်ရှိနေခြင်းနှင့်ပတ်သက်၍စိုးရိမ်ပူပန်ကြောင်း အမေရိကန်တာဝန်ရှိသူများက ပြောဆိုခဲ့သည်ဟု DhakaTribune က ယနေ့ရေးသားသည်။

ထို့ပြင်အာဖဂန်မြေပေါ်မှနေ၍ မည်သည့်နိုင်ငံကိုမျှ ခြိမ်းခြောက်မှုမပြုရန်နှင့် တာလီဘန်တို့က၄င်းတို့၏ ပြည်သူလူထုအပေါ် ကတိကဝတ်ပြုထားခြင်းကိုလည်း ကျေပွန်အောင် ဆောင်ရွက်ရန် အရေးကြီးကြောင်းအမေရိကန်ကိုယ်စားလှယ်အဖွဲ့မှ အလေးထားပြောကြားခဲ့သည်ဟု သတင်းတွင်ဖော်ပြသည်။

အပြန်အလှန်အားဖြင့်တာလီဘန်တို့က ပြောဆိုရာ၌ မည်သည့်နိုင်ငံကိုမဆို ခြိမ်းခြောက်ရာတွင် အာဖဂန်၏နယ်မြေအားမည်သူကမျှ အသုံးပြုခြင်း မရှိစေရန် ၎င်းတို့၏ ကတိကဝတ်ကို ထပ်လောင်းပြောကြားခဲ့ကြောင်းနိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဒ်_ပရိုက်စ်က ဗုဒ္ဓဟူးနေ့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ပြောကြားသည်။

လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲပြောဆိုမှုများ ထွက်ပေါ်နေစဉ် ဆွေးနွေးပွဲများသို့တာလီဘန် ခေါင်းဆောင်ပိုင်းနှင့်ကဘူးလ်အစိုးရကိုယ်စားလှယ်တို့ တက်ရောက်နိုင်ရေးအတွက် နောက်ထပ် ခြေလှမ်းများ လုပ်ဆောင်ရန်လည်း၄င်းတို့က တောင်းဆိုခဲ့ကြောင်း သိ၇သည်။

အင်္ဂါနေ့နှင့်ဗုဒ္ဓဟူးနေ့များတွင် ကျင်းပသည့် အစည်းအဝေးများ၌ တာလီဘန်တို့အနေဖြင့် အာဖဂန် ပြည်သူအားလုံး၏ လု့အခွင့်အရေးများကို ကာကွယ်ရန်နှင့်၄င်းတို့အပေါ် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ဆိုင်ရာမူဝါဒကိုလိုက်နာကျင့်သုံးရန် အမေရိကန်က တိုက်တွန်းခဲ့ကြောင်း သိရှိ၇သည်။

ဒိုဟာမြို့အစည်းအဝေးတွင် အာဖဂန်နစ္စတန်ဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် သောမတ်စ်ဝက်စ် ဦးဆောင်သည့်နိုင်ငံခြားရေးဌာန၊ ဘဏ္ဍာရေးဌာန၊ အိမ်ဖြူတော်၏ နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ USAIDနှင့် ထောက်လှမ်းရေးအသိုက်အဝန်းတို့မှကိုယ်စားလှယ်များ အပါအဝင် အကြီးတန်းကိုယ်စားလှယ်တို့က အမေရိကန် အမျိုးသားအကျိုးစီးပွားကိုဦးတည်လျှက် ပါဝင်ဆွေးနွေးခဲ့ကြသည်ဟုဆိုသည်။

မဟာမိတ်များ၊လုပ်ဖော်ကိုင်ဖက်အဖွဲ့အစည်းတို့နှင့် ညှိနှိုင်းပြီးနောက် အာဖဂန်နစ္စတန်အပေါ် လက်တွေ့ကျသည့်သံခင်းတမန်ခင်းဆိုင်ရာ ဆက်လက်အားထုတ်မှု ဖြစ်ကြောင်း၊ ယခင် အောက်တိုဘာ ၉ ရက်နှင့် ၁၀-ရက်နေ့များတွင်လည်းကာတာနိုင်ငံ ဒိုဟာမြို့၌ စည်းဝေးခဲ့ကြောင်း အဆိုပါ နိုင်ငံခြားရေးဋ္ဌာန၏ ကြေညာချက်တွင်ဖော်ပြထားသည်။

ကတိကဝတ်ပြုထားသည့်အတိုင်းအမေရိကန် နိုင်ငံသားများနှင့် အာဖဂန်များအတွက် ၄င်းတို့ နိုင်ငံအတွင်း ဘေးကင်းစွာ သွားလာနိုင်ရေး၊အမျိုးသမီးများ၊ မိန်းကလေးများနှင့် လူမျိုးစုများ အပါအဝင် အာဖဂန်နိုင်ငံသား အားလုံး၏အခွင့်အရေးများကို အကာအကွယ်ပေးရေး၊ ဓါးစာခံ အဖြစ်ဖမ်းဆီးထားသည့် အမေရိကန်ရေတပ် စစ်ပြန်တစ်ဦးဖြစ်သူမတ်ခ်_ဖဲရစ်အားတာလီဘန်တို့က ဘေးကင်းစွာ ပြန်လွှတ်ပေးရေးတို့ကို အမေရိကန်က အလေးထားတောင်းဆိုခဲ့သည်ဟု သိ၇သည်။

နှစ်နိုင်ငံအဖွဲ့တို့သည်အာဖဂန်နစ္စတန်တွင် လက်ရှိဖြစ်ပေါ်နေသော လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကျပ်အတည်းများနှင့်၄င်းတို့အပေါ် နိုင်ငံတကာအသိုက်အဝန်း၏ အမြန်ဆုံး တုံ့ပြန်ရန် အရေးတကြီး လိုအပ်ပုံတို့ကိုလည်းဆွေးနွေးခဲ့ကြပြီး၊ ကုလသမဂ္ဂနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာဆောင်ရွက်သူများတွေ့ဆုံပြီး လာမည့်ဆောင်းရာသီတွင် အသက်ကယ်ရန် လိုအပ်ချက်များ ဖြည့်ဆည်းရေးကို ဆက်လက်ကူညီသွားမည်ဖြစ်ကြောင်းအမေရိကန် ကိုယ်စားလှယ်အဖွဲ့တို့က ကတိပြုခဲ့သည်။

အာဖဂန်အရပ်သားများ၏စွမ်းရည်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းထံမှ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီမှုများအပေါ်ဝါရှင်တန်၏ပိတ်ဆို့အရေးယူမှုများက ကန့်သတ်ရာ မရောက်ရှိစေရန် အမေရိကန်က ကတိကဝတ်ပြုထားဆဲဖြစ်ကြောင်း၊တာလီဘန်တို့နှင့် ဒိုဟာ ဆွေးနွေးပွဲများမှာပွင့်လင်း၍ ပရော်ဖက်ရှင်နယ် ဖြစ်ကြောင်း၊ အမေရိကန်ဘဏ္ဍာရေးဋ္ဌာန အနေဖြင့် အာဖဂန်ပြည်သူများထံလူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ဆက်လက် စီးဆင်းစေရေးနှင့် အခြေခံလူ့လိုအပ်ချက်များကိုထောက်ပံ့လျှက်ရှိသည့် အခြားလုပ်ဆောင်မှု များအား ပံ့ပိုးရာတွင် အထွေထွေလိုင်စင်များကို ထုတ်ပေးခဲ့ကြောင်း၊နက်ဒ်-ပရိုက်စ်က ရှင်းပြသည်။

သို့သော်အမေရိကန်တပ်များ ကသုတ်ကယက်ထွက်ခွာ၍ ကဘူးလ်တွင် တာလီဘန်တို့ စတင် ထိန်းချုပ်နိုင်သည့် သြဂုတ်လကတည်းကယခင်အာရှတ်ဂနီ အစိုး၇လက်ထက် အာဖဂန် ဗဟိုဘဏ်၏ပိုင်ဆိုင်မှုကန်ဒေါ်လာ ၉.၅ ဘီလီယံကို အမေရိကန်ဘဏ္ဍာရေးဋ္ဌာနက ထိန်းချုပ်လိုက်ခြင်းဖြင့် တာလီဘန်တို့လက်ဝယ် မရောက်ရှိစေရန် ဆောင်ရွက်ခဲ့ကြောင်း Bloomberg (17 August 2021) က ရေးသားခဲ့သည်။

ယခုအခါအာဖဂန်နစ္စတန်၏ စီးပွားရေးသည် ဆယ်စုနှစ်များစွာကြာမြင့်သည့် စစ်ပွဲ၊ မိုးခေါင်မှုတို့အပြင်နိုင်ငံ့ဗဟိုဘဏ်၏ ပိုင်ဆိုင်မှုများ ထိန်းချုပ်ခံရခြင်းတို့ကြောင့် ပျက်ပြားလျှက်ရှိပြီး'မကြုံစဖူး' စီးပွားရေးပြိုလဲမှု ဂယက်ရိုက်ခတ်ခြင်းနှင့်ရင်ဆိုင်နေ၇ကြောင်းကုလသမဂ္ဂက ပြောဆိုသည်ဟု Channel News Asia က ယနေ့ ရေးသားသည်။

ယခုနှစ်သြဂုတ်လ၌ အမေရိကန်ဦးဆောင်သည့် နိုင်ငံတကာတပ်များ ဆုတ်ခွာသွားပြီး တာလီဘန်တို့ အာဏာပြန်လည်ရရှိခြင်းနှင့်အတူ၂၀၀၁-ခုနှစ်နောက်ပိုင်း ဘီလီယံချီ ထောက်ပံ့ခဲ့သည့် နိုင်ငံတကာ အကူအညီ အများစုတို့မှာ ရုတ်တရက် ထိန်းချုပ်တားဆီးခြင်းခံလိုက်၇ကြောင်း၊ အဆိုပါလုပ်ရပ်ကြောင့် အာဖဂန်၏စီးပွားရေးမှာ တစ်နှစ်အတွင်း ၂၀% အထိ ကျုံ့ဝင်သွားနိုင်ကြောင်း ကုလသမဂ္ဂ၏ ဖွံ့ဖြိုးမှုအစီအစဉ်(UNDP) ၏ဗုဒ္ဓ ဟူးနေ့တွင် ထုတ်ပြန်သည့် ယခုနောက်ဆုံး အစီရင်ခံစာ၌ ဖော်ပြထားသည်။

 

(Dhaka Tribune., 01 December 2021,” US asks Taliban not toallow al-Qaeda, IS in Afghanistan” ကို#HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

#နိုင်ငံတကာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.