သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ယူကရိန်းနယ်ထဲ ရုရှားတပ်တွေ ဝင်ဖို့ ပူတင် အမိန့်ပေးလိုက်ပြီ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 10.2k

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၂/၂၀၂၂
ယူကရိန်းနိုင်ငံထဲက ရုရှားကျောထောက် နောက်ခံပြု သူပုန်များ ထိန်းချုပ် ထားသည့် ဒွန်းညက်စ်နှင့် လုဟန့်စ် ဒေသ ၂ ခု၏ သီးခြား လွတ်လပ်ရေးကို အသိအမှတ်ပြုသည့် အမိန့်ကို ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် လက်မှတ် ရေးထိုးလိုက်ပြီ ဖြစ်သည်ဟု BBC ( မြန်မာပိုင်း)တွင် သတင်းဖော်ပြသည်။
၎င်းသမ္မတ အမိန့်ထဲတွင် ရုရှားတပ်ဖွဲ့များသည် ယူကရိန်း နယ်မြေများရှိ (ပူတင့်ရဲ့ အသုံးအနှုန်း အရ) ငြိမ်းချမ်းရေး ထိန်းသိမ်းသည့် လုပ်ငန်းများကို လုပ်ဆောင်ကြမည် ဆိုသည့် အချက် ပါဝင်သည်ဟု ဆိုသည်။
ရုရှားက သီးခြား လွတ်လပ်ရေး အသိအမှတ် ပြုလိုက်သည်ဟု ဆိုသော ဒွန်းညက်စ်နှင့် လုဟန့်စ် နယ်မြေ နှစ်ခု အကြောင်း သမ္မတပူတင်က ရုပ်မြင်သံကြား ပေါ်ကနေ အတော်လေး တင်းတင်းမာမာ ပြောဆို ခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။
၎င်းနယ်မြေများမှာ ရှေးယခင်ကာလများ ကတည်းက ရုရှား၏ နယ်မြေ အစိတ်အပိုင်းများ ဖြစ်ကြသည်ဟု မစ္စတာ ပူတင်က ပြောကြောင်း၊ လက်ရှိ ယူကရိန်း အစိုးရမှာ နိုင်ငံရပ်ခြား အင်အားကြီး နိုင်ငံများ၏ ရုပ်သေး အစိုးရ သက်သက်မျှသာ ဖြစ်ကြောင်း ပြောရင်း သမ္မတပူတင်ယခုလို သတိပေး ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။
“ယူကရိန်း အနေနဲ့ အဲဒီနယ်မြေတွေထဲ စစ်ရေးလှုပ်ရှားမှုတွေ ချက်ခြင်း ရပ်ရမယ်။ အဲဒါမှ မဟုတ်ရင် ဖြစ်လာနိုင်တဲ့ သွေးထွက်သံယို ကိစ္စတွေ အားလုံး လက်ရှိ ယူကရိန်းကို ထိန်းချုပ် အာဏာ ယူထားကြသူတွေရဲ့ အလုံးစုံ တာဝန်ဖြစ်လိမ့်မယ်။”
ဗလာဒီမီယာ ပူတင်၏ ကြေညာချက် ထွက်လာအပြီးမှာ အမေရိကန် အစိုးရဘက်က ချက်ခြင်း တုန့်ပြန် ဆောင်ရွက်မှု တချို့ ပြုလုပ်ခဲ့ပြီး ယူကရိန်းထဲက ခွဲထွက်သည့် ဒေသများတွင် လှုပ်ရှားနေကြသူများ အပေါ် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က အရေးယူမှုများ ချမှတ်ကြောင်း အမိန့် ထွက်လာလိမ့်မည်ဟု အိမ်ဖြူတော်က ကြေညာသည်။
ရုရှားသမ္မတ ပူတင်ဒ အပြုအမူမှာ နိုင်ငံတကာ ဥပဒေကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်သည်ဟု ဆိုကာ ဥရောပ သမဂ္ဂ အီးယူအဖွဲ့နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချူပ် အန်တိုနီယို ဂူးတားရက်စ်တို့က ပြောဆို သည်ဟု သတင်းတွင် ဆက်လက် ဖော်ပြသည်။
ယူကရိန်း၏ ပိုက်နက်နယ်မြေများ အချုပ်အခြာ အာဏာအပေါ် ချိုးဖောက်မှုမှာ ကုလသမဂ္ဂ အခြေခံ ပဋိညာဥ်နှင့် မကိုက်ညီကြောင်း မစ္စတာဂူးတားရက်စ်က ပြောဆိုသည်။
နေးတိုး စစ်ရေးမဟာမိတ် အဖွဲ့၏ အတွင်းရေးမှူးချုပ် ယန်းစ် စတိုလ်တင်းဘာ့ဂ်ကလည်း လက်ရှိပေါ်ပေါက်နေသည့် ပဋိပက္ခများကို ဖြေရှင်းနိုင်ရန် ကြိုးစားနေကြမှုများကို ပျက်စီးသွားစေသည့် လုပ်ရပ် ဖြစ်ကြောင်း ပြောဆိုသည်။

ဆက်စပ် သတင်းများ