နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၅/ ၂၀၂၂ ( နိုင်ငံတကာ)
ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီး က ယခုအချိန်တွင် ယူကရိန်း တစ်နိုင်ငံတည်းသာတိုက်ပွဲဝင်နေရကြောင်းနှင့် မည်သည့်နိုင်ငံကမျှ ယူကရိန်းသို့ စစ်တပ်စေလွှတ်မည့်အာမခံချက် မပေးထားကြကြောင်း ပြောသည်ဟု ဆင်ဟွာက သတင်းဖော်ပြသည်။
ယူကရိန်းကို စစ်တပ်စေလွှတ်ရန် မည်သည့်နိုင်ငံကမျှ အာမခံချက်မပေးထားကြောင်းနှင့်ယူကရိန်းစစ်တပ်တစ်ခုတည်း စစ်ကူမဲ့ တိုက်ခိုက်နေရခြင်းဖြစ်ကြောင်း ယူကရိန်း သမ္မတဇယ်လန်းစကီးက ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်း ဗွီဒီယိုမှတစ်ဆင့်ပြောကြားခဲ့သည်။
လက်ရှိတွင် ယူကရိန်းဘက်မှ သေဆုံးသူ ၁၃၇ ဦးနှင့် အခြား ဒဏ်ရာ၇သူ ၃၁၆ ဦးရှိကြောင်း ဆင်ဟွာသတင်းက ဖော်ပြသည်။
ယူကရိန်း ပဋိပက္ခအတွင်း ရုရှား စစ်သည် ၁၀၀၀ ကျော် သေဆုံးခဲ့ကြောင်းယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနက သောကြာနေ့တွင် ပြောကြားခဲ့သည်ကို ကိုးကားပြီး Reuters က Ukraine claims over 1,000 Russian soldiersdead so far ခေါင်းစဉ်ဖြင့် သတင်းဖော်ပြသည်။
“ရုရှားဟာ မူလအချိန်ကစလို့ သူ့ရဲ့ လက်နက်ကိုင် ပဋိပက္ခတိုက်ပွဲတွေမှာ ဒီလောက်များတဲ့ အသေအပျောက် မရှိခဲ့ဘူး” ဟု ဝန်ကြီးဌာနက ပြောကြားခဲ့ဟု ဆိုသည်။
အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒန်က ဖေဖော်ဝါရီ ၂၄ ရက်၌ မိန့်ခွန်းပြောကြားရာရုရှားနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုအသစ်များ ဆောင်ရွက်သွားမည် ဖြစ်ပြီးနေတိုးမဟာမိတ်များ၏ လုံခြုံရေး အာမခံချက် ရှိစေရန်လျင်မြန်စွာတုန့်ပြန်ရေးတပ်ဖွဲ့များ နေရာချထားခြင်း၊ ဂျာမနီနိုင်ငံသို့ တပ်ဖွဲ့ဝင် ထပ်တိုးစေလွှတ်ခြင်းစသည်တို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းထည့်သွင်းပြောကြားခဲ့သည်။
စစ်ရေးကဏ္ဍတွင် အမေရိကန်တပ်များအား ယူကရိန်းသို့ စေလွှတ်ကာ ရုရှားစစ်တပ်နှင့်တိုက်ခိုက်စေမည်မဟုတ်သော်လည် နေတိုးမဟာမိတ်များ လုံခြုံရေးအာမခံချက်ရှိစေရန်ပံ့ပိုးသွားမည် ဖြစ်ကြောင်း ဘိုင်ဒန်က အလေးထား ပြောကြားခဲ့ကြောင်း ဆင်ဟွာက ဖော်ပြသည်။
နေတိုး အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg ကလည်းနေတိုးသည် ယူကရိန်းတွင် မည်သည့် တပ်ဖွဲ့ဝင်မျှမရှိကြောင်း၊ “ကျွန်တော်တို့ကလည်းယူကရိန်းကို စစ်တပ်စေလွှတ်ဖို့ မည်သည့်အစီအစဉ် သို့မဟုတ် ရည်ရွယ်ချက်မှ မရှိပါဘူး”ဟု ပြောကြားခဲ့သည်။
တစ်ချိန်တည်းတွင်ပင် နေတိုးအနေဖြင့် မဟာမိတ်ကာကွယ်ရေးအစီအစဉ်စတင်နေပြီဖြစ်ရာ မဟာမိတ် အရှေ့ပိုင်းဒေသ၊ နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ ပိုင်နက်သို့စစ်တပ်အင်အား ဖြန့်ကျက်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရုရှားနိုင်ငံက အကယ်၍ ယူကရိန်းအနေဖြင့် ဘက်မလိုက်ရပ်တည်ချက်နှင့်၎င်း၏နယ်နိမိတ်အတွင်းလက်နက် ဖြန့်ကျက်မှုမပြုလုပ်ရေးအတွက် ဆွေးနွေးရန် အသင့်ပြင်ထားပါက ရုရှားအနေဖြင့် ၎င်းနှင့်ဆွေးနွေးလိုကြောင်းပြောကြားခဲ့သည်။
ရုရှား၏ ယူကရိန်း အထူးစစ်ဆင်ရးစတင်လုပ်ဆောင်ပြီး ၂၄ နာရီကျော် ကြာပြီဖြစ်သည် ရုရှားလက်နက်ကိုင် တပ်ဖွဲ့များက ယူကရိန်း လေတပ်လေဆိပ် ၁၁ ခု ၊ ညွှန်ကြားရေးစခန်း၃ ခု ၊ ရေဒါစခန်း ၁၈ ခု အပါအဝင် မြေပြင် စစ်အခြေစိုက်အဆောက်အအုံ ၇၄ ခုကိုချေမှုန်းလိုက်ပြီ ဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်က ဖေဖော်ဝါရီ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အခြေအနေ ဆိုးဝါးလာခြင်းနှင့်အတူ ယူကရိန်းပြည်သူလူထုမှာလည်း တုန်လှုပ်ချောက်ချားလျက်ရှိကြောင်း စားသောက် ဖွယ်ရာစသည့် မဖြစ်မနေလူသုံးကုန်ပစ္စည်းဝယ်ယူရန်အတွက် ယူကရိန်း မြို့တော် ကိယက်ဗ်ရှိ စူပါမားကက် အသီးသီးတွင်မနက်အစောပိုင်းကလည်းက မြို့နေပြည်သူများ တန်းစီစောင့်ဆိုင်းမှုများ ရှိသလိုဘဏ်များ၊ ငွေလဲစင်တာများတွင်လည်း လူများစုပြုံနေခဲ့ကြောင်း ဆင်ဟွာတွင် သတင်းဖော်ပြသည်။
မြို့လယ်ခေါင်ရှိလွတ်လပ်ရေးရင်ပြင်နှင့် ဥရောပရင်ပြင်တွင် လူအများက ဝန်စည်စလွယ်များ သယ်ဆောင်ကာကားဂိတ်၊ မြေအောက်ရထားဂိတ်သို့ ခရီးနှင်ခဲ့ကြသလို အချို့လူများကမူ ဝန်စည်စလွယ်များနှင့်ဆွေမျိုးမိတ်ဆွေများကို နှုတ်ဆက်နေခဲ့ကြသည်ဟုဆိုသည်။
ကိယက်ဗ်မြို့မှဆင်ခြေဖုံးဒေသနှင့် အနောက်ဘက်အရပ်သို့ သွားရာ လမ်းအချို့တွင်လည်း ယာဉ်များပိတ်ဆို့နေကာ အချို့ယာဉ်မောင်းများက ကုန်ပစ္စည်းများတင်ဆောင်ကာ မြို့ပြင်ကိုခရီးနှင်ကြသည်ကို တွေ့၇သည်ဟု ဆိုသည်။
(ကိုးကား- Reuters and Xinhua)