သီရိလင်္ကာတွင် ရုန်းရင်းဆန်ခတ်ဖြစ်မှု ဖြစ်ပွားပြီး လူခုနစ်ဦးသေဆုံးပြီးနောက် စစ်တပ်နှင့်ရဲကို အရေးပေါ်အာဏာအပ်နှင်း


နိရဉ္စရာ၊ မေ ၁၀/၂၀၂၂ (နိုင်ငံတကာ)

 

သီရိလင်္ကာဝန်ကြီးချုပ် မဟင်ဒါရာဂျာပက်ဆာကို ရာထူးမှနုတ်ထွက်စေခဲ့သော အကြမ်းဖက်မှုတွင် လူခုနစ်ဦး သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့သည့် တစ်ရက်ကြာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီးနောက် သီရိလင်္ကာတွင် ဖမ်းဝရမ်းမပါဘဲ လူများကို ဖမ်းဆီးရန် စစ်တပ်နှင့် ရဲတပ်ဖွဲ့အား အင်္ဂါနေ့တွင် အရေးပေါ်အာဏာအပ်နှင်းခဲ့သည်ဟု ရိုက်တာ သတင်းက သတင်းဖော်ပြသည်။

 

သီရိလင်္ကာ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်နေရချိန်တွင် ထောင်နှင့်ချီသော ဆန္ဒပြသူများသည် အစိုးရကို တိုက်ခိုက်ရန် ကာဖျူးစည်းကမ်းကို ဖီဆန်ခဲ့ကြပြီး အာဏာရပါတီအမတ်များနှင့် ပြည်နယ်နိုင်ငံရေးသမားများ၏ နေအိမ်များ၊ ဈေးဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများကို မီးရှို့ခဲ့ကြသည်။

 

သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ် Mahinda Rajapaksa က မြို့တော် ကိုလံဘိုမြို့၌ ၎င်းအား ထောက်ခံသူများ နှင့် အစိုးရဆန့်ကျင်သော ပြည်သူများအကြား ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဆန္ဒပြမှုများကြောင့် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း မေ ၉ ရက်တွင် ကြေညာခဲ့သည်။

 

သီရိလင်္ကာသမ္မတ Gotabaya Rajapaksa ထံသို့ ဝန်ကြီးချုပ်က ၎င်း၏ နုတ်ထွက်စာအား တင်ပြခဲ့ပြီးနောက် တစ်ပြိုင်နက် ဝန်ကြီးချုပ်က ၎င်း၏တရားဝင်တွစ်တာစာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

 

 ငြိမ်မသက်မှုများ ကြိုကြားကြိုကြားသတင်းများထွက်ပေါ်နေသော်လည်း အင်္ဂါနေ့တွင် အခြေအနေ ငြိမ်သက်သွားခဲ့သည်ဟု ရဲက ပြောဆိုပြီး ကျွန်းတစ်ခွင် ညမထွက်ရအမိန့်ကို ချမှတ်ခဲ့သည်။


ဝန်ကြီးချုပ်၏ညီဖြစ်သူ သမ္မတ Gotabaya Rajapaksa ၏ အစိုးရသည် လူများကို ဖမ်းဝရမ်းမပါဘဲ ဖမ်းဆီးရန် စစ်တပ်နှင့် ရဲတပ်ဖွဲ့အတွက် ကျယ်ပြန့်သော လုပ်ပိုင်ခွင့်များကို ဖော်ပြခဲ့သည်။

 

ပုဂ္ဂလိကပိုင်ယာဉ်များအပါအဝင် ပုဂ္ဂလိကပိုင်ပစ္စည်းများကို အင်အားသုံးရှာဖွေနိုင်သော်လည်း ရဲတပ်ဖွဲ့ထံမအပ်နှံမီ ၂၄ နာရီအထိ လူများကို တပ်မတော်က ဖမ်းဆီးနိုင်သည်ဟု အစိုးရက အင်္ဂါနေ့တွင် ဂေဇက်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Share: