နိရဉ္စရာ၊ ဩဂုတ် ၄/၂၀၂၂
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ တိုင်ပေကို လာရောက်လည်ပတ်ပြီးနောက် တစ်ရက်အကြာကြာသပတေးနေ့တွင် တရုတ်စစ်တပ်သည် ထိုင်ဝမ်ရေလက်ကြားတွင် အဓိက စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ရာ ပဲ့ထိန်းဒုံးကျည်အမျိုးအစားအများအပြားကို ပစ်လွှတ်ခဲ့သည်ဟု အေအက်ဖ်ပီ၏ယနေ့ ၃နာရီ၁၁ မိနစ် သတင်းတွင် ဖော်ပြသည်။
ကြာသပတေးနေ့စစ်ရေးလေ့ကျင့်မှုအတွင်း တရုတ်တပ်ဖွဲ့များသည် ထိုင်ဝမ်တစ်ဝိုက်ရှိ ရေပြင် အတွင်းသို့ ပဲ့ထိန်းဒုံးကျည်အများအပြားပစ်လွှတ်ခဲ့ကြောင်း တိုင်ပေကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားပြီး ၎င်းလုပ်ရပ်မှာ ဒေသတွင်းငြိမ်းချမ်းရေးကို ထိခိုက်စေသည့်အသုံးမကျသော လုပ်ရပ်ဟုဆိုကာ ရှုတ်ချကြောင်း ပြောကြားခဲ့သည်။
ဒုံးကျည်များကျရောက်ခဲ့ခြင်း (သို့မဟုတ်)ကျွန်းပေါ်မှ ဖြတ်ပျံသန်းခြင်းရှိမရှိကို ထိုင်ဝမ်စစ်တပ်က အတည်မပြုနိုင်သေးဟု ဆိုသည်။
တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက “တရုတ်ကွန်မြူနစ်ပါတီကထိုင်ဝမ်အရှေ့မြောက်ပိုင်းနှင့် အနောက်တောင်ပိုင်း ပတ်ဝန်းကျင်ရေပြင်ကို ယနေ့ မွန်းလွဲ၁၃ နာရီ ၅၆ မိနစ်မှာ Dongfeng အမျိုးအစား ပဲ့ထိန်းဒုံးကျည်အများအပြားကို အတွဲလိုက် ဆက်တိုက်ပစ်လွှတ်ခဲ့ကြောင်း အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနကပြောကြောင်း အကျဉ်းချုံးထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကလည်းဒုံးကျည်များ ပစ်ခတ်ခဲ့ကြောင်း အတည်ပြုခဲ့သည်။
တရုတ်တပ်ဖွဲ့များသည်ထိုင်ဝမ်ကျွန်းအရှေ့ဘက်ခြမ်းရှိ ကြိုတင်သတ်မှတ်ထားသော ရေပြင်တွင်ဒေသပေါင်းစုံနှင့် ပုံစံမျိုးစုံ သမားရိုးကျ ဒုံးကျည်ပစ်ခတ်မှုတစ်ခုကိုစတင်ခဲ့ကြောင်း အရှေ့ပိုင်း စစ်ဌာနချုပ်၏ပြောရေးဆိုခွင့်ရှိသူ အကြီးတန်းဗိုလ်မှူးကြီး ရှီရီက ပြောကြားခဲ့သည်။
“ဒုံးကျည်အားလုံးဟာပစ်မှတ်ကို တိကျစွာ ထိမှန်ပြီး တိုက်ခိုက်မှု စွမ်းရည်ကို တိကျစွာ စမ်းသပ်နိုင်ခဲ့သည်ဟု ဗိုလ်မှူးကြီး ရှီက ပြောကြားခဲ့သည်။