ယခုနှစ် ၂၀၂၂ အတွက် စာပေနိုဗယ်ဆု ပြင်သစ်စာရေးဆရာမ Annie Ernaux ရရှိ


နိရဥ္စရာ ၊ အောက်တိုဘာ ၇/၂၀၂၂

၂၀၂၂ ခုနှစ်အတွက် စာပေဆိုင်ရာ နိုဘယ်ဆုကို ပြင်သစ်စာရေးဆရာမ Annie Ernaux ကို ပေးအပ်ကြောင်း နိုဘယ်ဆုရွေးချယ်ရေး ကော်မတီ၊ ဆွီဒင်အကယ်ဒမီက အောက်တိုဘာ ၆ ရက်နေ့က ကြေညာခဲ့သည်။

'' အရင်းအမြစ်၊ ကွဲလွဲချက်များနှင့် ပင်ကိုယ်မှတ်ဉာဏ်ဆိုင်ရာကန့်သတ်ချက်များကို ဖော်ထုတ်ရေးသားသည့် သူ၏ ရဲစွမ်းသတ္တိနှင့်လုပ်ဆောင်မှုတွေကြောင့် စာပေဆိုင်ရာနိုဘယ်ဆု ပေးအပ်ခြင်းဖြစ်သည်'' ဟု နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့ကထုတ်ပြန်ထားသည်။

အဆိုပါ အသက် ၈၂ နှစ်အရွယ်ရှိ စာရေးဆရာမသည် ဘဝဇာတ်ကြောင်းကို အခြေခံရေးသားမှုများကြောင့် ထင်ရှားသူဖြစ်သည်။

စာရေးဆရာမ Annie Ernaux A Man's Place(၁၉၈၃),Happening(၂၀၀၀) , The Possession (၂၀၀၂), Years(၂၀၀၈)စသည့်စာအုပ်များသည်ထင်ရှားသည့် လက်ရာများဖြစ်သည်။

စာပေဆိုင်ရာ နိုဘယ်ဆုကို ၁၉၀၁ ခုနှစ်ကစပြီး လူပေါင်း (၁၁၉)ဦးကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ၄င်းအထဲတွင် အမျိုးသမီး ၁၇ ဦးသာပါဝင်သည်။

စာပေဆိုင်ရာဆိုင်ရာ နိုဘယ်လ်ဆုကို ၁၉၀၁ ခုနှစ်က စချီးမြှင့်ခဲ့ပြီး အာရှတိုက်က ပထမဆုံး စာပေနိုဗယ်ဆုကို အိန္ဒိယနိုင်ငံက ကဗျာဆရာကြီး ရာဘင်ဒြာနတ်တဂိုးကို  ၁၉၁၃ ခုနှစ်မှာ ၎င်းဆုကို ချီးမြှင့်ခဲ့သည်။

ငြိမ်းချမ်းရေးနိုဘယ်ဆုကို ယနေ့အောက်တိုဘာ ၇ ရက်နေ့တွင် ကြေညာမည်ဖြစ်ပြီး မြန်မာနိုင်ငံက CDM လှုပ်ရှားမှုကိုလည်း ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အဆိုပြုထားသည်။

ကိုဗစ်ကပ်ရောဂါကြောင့် ၂ နှစ်ကြာမကျင်းပဖြစ်သည့် နိုဘယ်ဆုပေးအပ်ပွဲကို ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့၌ လာမည့် ဒီဇင်ဘာ ၁၀ရက်နေ့တွင် ပေးအပ်ချီးမြှင့်မည်ဖြစ်ပြီး ဆုရသူတွေကိုယ်တိုင် တက်ရောက်နိုင်မည်ဖြစ်သည်။

စာပေဆိုင်ရာ နိုဘယ်လ်ဆုအတွက် ဆုငွေ ဆွီဒင် ခရိုနာ ၁၀ သန်း (ဒေါ်လာ ၉ သိန်းနီးပါး) ကို ချီးမြှင့်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

Share: