မြန်မာနယ်စပ်အနီးတင်းမာမှုကြောင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ကိုတပ်လှန့်ထား


(များမကြာမီ အလံတင်အစည်းအဝေးကျင်းပမည်ဟုဆို)

နိရဉ္စရာ၊ အောက်တိုဘာ ၁၁/၂၀၂၂

မြန်မာနယ်စပ်အနီး စစ်ရေးတင်းမာနေမှုကြောင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ကို တပ်လှန့်ထားကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) ညွှန်ကြားရေးမှူးချုပ် Sakil Ahmed က ပြောသည်။

နယ်စပ်ဖြတ်ကျော်ပြီး မှောင်ခိုမှုနှင့် တရားမဝင် ခိုးဝင်လာမှုများကို တားဆီးရန်အတွက် နယ်ခြားစောင့် တပ်ဖွဲ့ မှ တင်းကြပ်သော စောင့်ကြည့်မှုများကို ပြုလုပ်ထားကြောင်း ဘင်ဒရိုဘင်ခရိုင် နတ်ကျောက်ဆရီမြို့နယ် ယ်စပ်ဒေသသို့ တနင်္လာနေ့တွင် သွားရောက်ခဲ့ပြီးနောက်  ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ၎င်းက ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ၂ လအတွင်း ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာစစ်တပ်တို့အကြား နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း၊ မော်တာကျည်ဆံများကို နတ်ကျောက်ဆရီးမြို့နယ်အတွင်း ယခင်က ပစ်ခတ်မှုများရှိခဲ့၍ သေဆုံး ဒဏ်ရာသူများလည်း ရှိခဲ့ကြောင်း၊ အဆိုပါ ဖြစ်စဉ်များကြောင့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

မြန်မာနယ်စပ်တလျှောက်တွင် တင်းမာနေသည့် အခြေအနေများမှာ မြန်မာနိုင်ငံ  ပြည်တွင်းရေး ကိစ္စသာဖြစ်ကြောင်း၊ သို့သော်လည်း BGB သည် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP) နှင့် ပုံမှန်အဆက်အသွယ် ရှိကြောင်း ၎င်းက မှတ်ချက်ပြုပြောဆိုသည်။

BGB ညွှန်ကြားရေးမှူးချုပ် Sakil Ahmed က " မကြာမီ မြန်မာနှင့် လံတင်အစည်းအဝေး တစ်ခုကျင်းပတော့မည်" ဟုပြောကြားခဲ့သည်။

နယ်စပ်အနီးတွင် မကြာသေးမီက မြေမြှုပ်မိုင်း ပေါက်ကွဲသဖြင့် မြန်မာအာဏာပိုင်များထံ အကြောင်းကြားခဲ့ကြောင်းလည်း နယ်စပ်အနီးနေထိုင်သော ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများကိုလည်း အခြေအနေကို သတိထားရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

ပြီးခဲ့သည့်လက ဘင်ဒရိုဘင်ခရိုင်တောင်ပြိုရှိ နိုင်ငံတကာနယ်စပ်အနီးရှိ Zero Point မြန်မာမူဆလင် စခန်းတွင် မြန်မာစစ်တပ်မှ ပစ်ခတ်သော မော်တာကျည်ဆန်တစ်ခု ပေါက်ကွဲခဲ့ရာ Mohammad Iqbal အမည်ရှိ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့သည်။

ထိုနေ့တွင်ပင် အောင်ထွန်းဝေ အမည်ရှိ ဒိုင်းနက် (ချက်ကမာ) လူငယ်တစ်ဦးသည်လည်း  နတ်ကျောက်ဆရီမြို့နယ် နယ်စပ်တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး ခြေထောက်တစ်ဖက် ဖြတ်ပစ်ခဲ့ရသည်ဟု သတင်းတွင် ဆက်လက် ဖော်ပြထားသည်။

 BGB on high alert amid tensions near Myanmar border/ Dhaka Tribune

Share: