- Web Master
- ၂၉ နိုဝင်ဘာ ၂၀၂၃
နိရဉ္စရာ၊ ဒီဇင်ဘာ ၃၀/၂၀၂၂
ကမ္ဘာကျော် ဘရာဇီး ဂန္ထဝင်ဘောလုံးသမားကြီး ပီလီ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက်(၈၂)နှစ် ရှိပြီဖြစ်တဲ့ ပီလီဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ ရာစုနှစ်အတွင်း အထင်ရှား ဘောလုံးသမားတစ်ဦးအဖြစ် သတ်မှတ်ခံရသူဖြစ်တယ်။
ကစားသမားဘဝ (၂၁)နှစ်တာအတွင်း ပီလီဟာ ပွဲပေါင်း ၁၃၆၃ပွဲ ကစားခဲ့ပြီး ဂိုးပေါင်း ၁၂၈၁ ဂိုးသွင်းနိုင်ခဲ့တယ်။
အဲဒီအထဲမှာ ဘရာဇီးနိုင်ငံကိုယ်စားပြု ၉၂ ပွဲ ပါဝင်ပြီး စုစုပေါင်း (၇၇)ဂိုး သွင်းပေးခဲ့တယ်။ ပီလီဟာ ကမ္ဘာ့ဖလား (၃)ကြိမ် ကိုင်မြှောက်ဖူးတဲ့ တစ်ဦးတည်းသော ကစားသမားလည်း ဖြစ်တယ်။
ပီလီဟာ ဘရာဇီး ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ (၁၉၅၈၊၁၉၆၂၊ ၁၉၇၀) သုံးကြိမ်စလုံးမှာ ပါဝင်ခဲ့သူဖြစ်တယ်။
လွန်ခဲ့တဲ့နှစ်များအတွင်း ပီလီဟာ ကျောက်ကပ်နဲ့ ပရောစတိတ်ရောဂါဝေဒနာ ခံစားနေရပြီး ပြီးခဲ့တဲ့ ၂၀၂၁ စက်တင်ဘာ မှာ ဆောပေါလိုမြို့၊ အဲလ်ဘတ် အိုင်စတိုင်း ဆေးရုံကြီးမှာ အူမကြီးပေါ်က အကြိတ်ကို ခွဲစိတ်ဖယ်ရှားခဲ့ရတယ်။
ဒီနှစ် နိုဝင်ဘာလမှာ အူမကြီးပေါ်က ကင်ဆာအကြိတ် ဝေဒနာ မသက်သာလို့ ဆေးရုံထပ်တက်ခဲ့ရတာ ဖြစ်တယ်။ ပီလီရဲ့ သမီးဖြစ်သူ ကယ်လီ နက်ဆီမင်တိုက ပီလီပရိသတ်တွေကို ဆေးရုံပေါ်ကနေ မပြတ် ပီလီရဲ့နောက်ဆုံးအခြေအနေတွေကို တင်ပြပေးနေခဲ့တယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတော့ ပီလီရဲ့မိသားစုဝင်တွေက ပီလီခန္ဓာကိုယ်ပေါ် သူတို့ရဲ့လက်တွေ တင်ပြီး ဆုတောင်းပေးနေတဲ့ ဓါတ်ပုံတက်လာပြီး ပီလီကွယ်လွန်တာကို အတည်ပြုနိုင်ခဲ့တယ်။
ဆေးရုံကလည်း “ကင်ဆာရဲ့ နောက်ဆက်တွဲရောဂါတွေကြောင့် ပီလီရဲ့ ခန္ဓာကိုယ်တွင်း အစိတ်ပိုင်းတွေ အလုပ်မလုပ်နိုင်တော့ဘဲ အသက်ဆုံးသွားခဲ့ပြီ “ လို့ ထုတ်ပြန်ခဲ့တယ်။
NN-27
Ref: BBC
Photo: Dhaka Tribune