နိရဉ္စရာ၊ ဇန်နဝါရီ ၅/ ၂၀၂၃ (နိုင်ငံတကာ)
ဒီမိုကရက် လွှတ်တော် ဥက္ကဌ နန်စီ ပယ်လိုစီ နှုတ်ထွက်သွားပြီးတဲ့နောက် ဇန်နဝါရီလ(၄)ရက်နေ့က စတင်တဲ့ အောက်လွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ဥက္ကဋ္ဌသစ် ရွေးချယ်ရေးကို နှစ်ရက်ကြာတဲ့အထိ အောင်မြင်အောင် မလုပ်ဆောင်နိုင်ကြသေးဘူးလို့ သိ၇ပါတယ်။
ရီပတ်ဘလစ်ကင်ပါတီခေါင်းဆောင် ကီဗင်မက္ကာသီကို ဥက္ကဋ္ဌနေရာအတွက် မဲသုံးကြိမ်ပေးခဲ့ကြပေမယ့် လိုအပ်တဲ့ မဲအရေအတွက် မရရှိခဲ့တဲ့အတွက် မက္ကာသီဥက္ကဋ္ဌဖြစ်ရေးဟာ ဇန်နဝါရီလ(၅)ရက်နေ့အထိ မရေမရာ ဖြစ်နေဆဲ ရှိနေပါတယ်။
လွှတ်တော်ဥက္ကဋ္ဌသစ် တင်မြှောက်ရေး မဲပေးမှုကို ဆက်လက်ပြုလုပ်သွားဖို့ ရှိပြီး အဖြေဘယ်လိုထွက်မယ်ဆိုတာ မသိနိုင်သေးပါဘူး။
ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကင်ပါတီက ကျဉ်းမြောင်းတဲ့ ကိုယ်စားလှယ် အရေအတွက်နဲ့ အနိုင်၇ထားခဲ့တယ်။ ရီပတ်ဘလစ်ကင် ပါတီက အမတ်အရေအတွက် (၂၂၂) နဲ့ ဒီမိုကရက်က (၂၁၀) ရရှိထားတဲ့ အမေရိကန်အောက်လွှတ်တော်မှာ လွှတ်တော်ဥက္ကဋ္ဌရွေးချယ်ဖို့ မဲအရေအတွက် (၂၁၈) လိုအပ်ပေမယ့် ဒီအရေအတွက် မရရှိခဲ့လို့ အကြိမ်ကြိမ် မဲပေးနေခဲ့၇တာဖြစ်တယ်။
အဓိက အကြောင်းအရင်းက ဒေါ်နယ်လ်ထရန့် နဲ့ သူရွေးချယ်ထားတဲ့ ပါတီခေါင်းဆောင် ကီဗင် မက္ကာသီကိုဆန့်ကျင်တဲ့ သဘောထားတင်းမာတဲ့ ကွန်ဆာဗေးတစ် ရီပတ်ဘလစ်အမတ်တစ်စုကြောင့် ဖြစ်ပါတယ်။အရေအတွက်(၂၀)ရှိတဲ့ ရီပတ်ဘလစ်ကင်အမတ်တစ်စုဟာ ဥက္ကဋ္ဌရွေးချယ်မှုမှာ မဲမပေးဘဲ နေခဲ့တာကြောင့်လိုအပ်တဲ့ မဲအရေအတွက်ကို မ၇ဘဲ ရှိနေတာဖြစ်တယ်။
ဒေါ်နယ်ထရန့်ကတော့ အဲဒီအမတ်တစ်စုကို လာရောက်ပူးပေါင်းဖို့ တိုက်တွန်းနေပေမယ့် ခုချိန်ထိ ပူးပေါင်းမှု မရှိသေးတဲ့အတွက် နောက်ထပ် မဲပေးမှုတွေဆက်လက်ပြုလုပ်၇ဦးမှာဖြစ်တယ်။ လွှတ်တော်ဥက္ကဋ္ဌ ရွေးချယ် မပြီးမချင်း လွှတ်တော်အစည်းအဝေးလည်း မစတင်နိုင်သေးပါဘူး။
အမေရိကန်လွှတ်တော်သမိုင်းမှာတော့ ခုလိုအဖြစ်မျိုးဟာ နှစ်ပေါင်း(၁၀၀) အတွင်း ဒီတစ်ကြိမ်သာ ကြုံတွေ့နေ၇တာဖြစ်တယ်။ ဒီမိုကရက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပယ်လိုစီ နှုတ်ထွက်သွားပြီးတဲ့နောက် အနိုင်၇ ရီပတ်ဘလစ်ကင်ပါတီဟာ ဥက္ကဋ္ဌ နေရာအတွက်ကီဗင်မက္ကာသီကိုလျာထားခဲ့တာဖြစ်တယ်။
ပုံမှန်အတိုင်းဆိုရင် မက္ကာသီဟာလိုအပ်တဲ့ မဲအရေအတွက် ရရှိပြီး ဥက္ကဋ္ဌ တာဝန်ယူဖို့ ဖြစ်ပေမယ့် ရီပတ်ဘလစ်ကင်ပါတီတွင်း ဗွေဖောက်တဲ့အမတ်တစ်စုကြောင့် ခုလို လိပ်ခဲတင်းလင်း ဖြစ်နေ၇တာဖြစ်တယ်။ မဲပေးရွေးချယ်မှုကို ဇန်နဝါရီ(၅)ရက်မှာ ဆက်လက်ပြုလုပ်ဦးမယ်လို့ သိ၇တယ်။ ( NN-27)