နိရဉ္စရာ၊ ဇန်နဝါရီ ၇/ ၂၀၂၃(နိုင်ငံတကာ)
ဇန်နဝါရီ(၇)ရက်ဟာ ရုရှား အော့သိုဒေါ့ ခရစ်ယာန်တွေရဲ့ ခရစ္စမတ်နေ့ဖြစ်ပါတယ်။ ရှေးဟောင်းအော့သိုဒေါ့ ခရစ်ယာန် အယူဝါဒကို ရုရှားနိုင်ငံသားများနဲ့ အရှေ့ဥရောပနိုင်ငံများက လက်ခံယုံကြည်ကြပြီး နှစ်စဉ် ဇန်နဝါရီ (၇)ရက်မှာ ခရစ္စမတ်ပွဲတော်ကျင်းပကြတယ်။
ရုရှားသမ္မတပူတင်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလ(၅)ရက်နေ့က လာမယ့် ခရစ္စမတ်ပွဲတော်ကာလအတွင်း (၃၆)နာရီကြာ ယူကရိန်းမှာ အပစ်အခတ်ရပ်စဲထားမယ်လို့ ကြေညာခဲ့ပါတယ်။
ပူတင်က အပစ်အခတ် ရပ်စဲထားမယ်လို့ ကြေညာထားပေမယ့် ဇန်နဝါရီလ(၇)ရက်၊ မနက်ပိုင်းအထိ ယူကရိန်းအရှေ့ပိုင်းမှာ ရုရှားတွေရဲ့ ဒုံးကျည်ပစ်ခတ်ပေါက်ကွဲမှုတွေ ရှိနေဆဲလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ပူတင်ရဲ့ (၃၆)နာရီ အပစ်အခတ်ရပ်စဲရေးကြေညာချက်ကို ယူကရိန်းက လက်မခံဘဲ ပယ်ချခဲ့ပြီး ဒါဟာ အခုတစ်ပတ်အတွင်း ဆုံးရှုံးထိခိုက်မှု ကြီးမားခဲ့တဲ့ ရုရှားတပ်တွေ ထိုးစစ်ပြန်ဆင်ဖို့ တစ်ဖက်လှည့်နဲ့အချိန်ယူတာဖြစ်တယ်လို့ တုံ့ပြန်ခဲ့တယ်။
ယူကရိန်းတပ်တွေဟာ တိုက်ခိုက်မှုတွေကို ရပ်တန့်မှာ မဟုတ်ဘဲဆက်လက်ပြုလုပ်သွားမယ်လို့ဆိုတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ(၇)ရက်နေ့က စလို့ရှေ့တန်းမှာ ပစ်ခတ်မှု လုံး၀ ရပ်ဆိုင်းထားမယ်လို့ ကြေညာထားပေမယ့် ယူကရိန်းအရှေ့ပိုင်း ကရင်မင်နာဒေသမှာ ပေါက်ကွဲသံတွေကြားနေ၇ဆဲဖြစ်တယ်လို ရိုက်တာသတင်းဌာနက ဖော်ပြခဲ့တယ်။
နှင်းတွေ တအားကျလာလို့ ရုရှားဒရုန်းတွေ မြေပြင်ပစ်မှတ် ထောက်လှမ်း၇ ခက်နေတဲ့အတွက် အရင်ရက်တွေထက် ငြိမ်သက်နေတယ်ဆိုပေမယ့် အခြေအနေတွေ ပြောင်းလဲမှု မရှိဘူးလို့ ယူကရိန်းစစ်သည်တစ်ဦးကပြောပါတယ်။
" အခြေအနေက မနေ့တုန်းကအတိုင်းပဲ။ ဟိုအရင်နေ့တွေ၊ ရက်တွေ၊လတွေက အတိုင်းပဲ။ ရုရှာတွေရဲ့ ကတိတွေ၊ အမိန့်တွေဟာ ယုံကြည်စရာမရှိပါဘူး" လို့ သူက ဆိုတယ်။ ရုရှားထိန်းချုပ်နယ်မြေ ဒွန်နက်စ်ကမျက်မြင်တစ်ဦးအဆိုအ၇ သတ်မှတ်ထားတဲ့ အပစ်အခတ်ရပ်စဲချိန်ကျော်လွန်တဲ့အထိ မြို့ပြင် ရုရှားလိုလားတဲ့ စခန်းတွေဆီက ဒုံးပျံတွေ တက်လာဆဲဖြစ်တယ်လို့ ဆိုတယ်။
လူဟန့် ပြည်နယ်က ယူကရိန်းအုပ်ချုပ်ရေးမှူး ရှာဟစ် ဟိုင်ဒိုင်ရဲ့ ပြောဆိုချက်အ၇ အပစ်အခတ်ရပ်စဲချိန်ကျော်လွန်ပြီး သုံးနာရီအတွင်း ယူကရိန်းစခန်းတွေပေါ်ကို ဒုံးကျည် (၁၄)ကြိမ် ကျရောက်ခဲ့ပြီး လူနေရပ်ကွက်ပေါ်ကို သုံးကြိမ်ကျရောက်ခဲ့တယ်လို့ သိ၇တယ်။ (NN-27)