သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

နှစ်ပေါင်း ၂၀၀၀ကြာ တိမ်မြုပ်ပျောက်ကွယ်နေသည့်ရှေးဟောင်း မြို့တော်တစ်ခုကို ဂွါတီမာလာ မိုးသစ်တောအောက်တွင် ရှာဖွေတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 8k

နိရဉ္စရာ၊ ဇန်နဝါရီ ၂၅/၂၀၂၃ (နိုင်ငံတကာ)

သုတေသီများသည် ဂွါတီမာလာနိုင်ငံ မိုးသစ်တောတစ်ခု အောက်တွင် တိမ်မြုပ် ပျောက်ကွယ်နေသည့် အလွန်ကြီးမားသော မာယန်မြို့ကြီးတစ်မြို့၏ အပျက်အစီးများကို မကြာမီက ရှာဖွေတွေ့ရှိခဲ့ကြသည်။

ရှေးဟောင်းသုတေသနပညာရှင်များ ထိုဒေသတွင် လေယာဉ်ပေါ်မှ စူးစမ်းရှာဖွေမှုများ ပြုလုပ်စဉ် အဆိုပါမြို့ပျက်ကြီးကို တွေ့ရှိရခြင်း ဖြစ်သည်ဟု မက်ထရိုသတင်းအရ သိရသည်။ လေဆာ နည်းပညာအသုံးပြု၍ စူးစမ်းလေ့လာခဲ့ရာတွင် မာယန်လူမျိုးများ အခြေချနေထိုင်ခဲ့သည့် ကျယ်ပြန့်သော မြို့ပြလူနေရပ်ဝန်းတစ်ခုကိုပါ တွေ့ရှိခဲ့ကြသည်။ 

ထိုနေရာသည် မက္ကဆီကို နယ်စပ်အနီးတွင်တည်ရှိပြီး မီရာဒို-ကလက်မူလ်ကာ့စ် မြေနိမ့်ရပ်ဝန်း တစ်လျှောက် စတုရန်းမိုင် (၆၅၀)အကျယ်အဝန်းရှိသည်။ 

ရှေးဟောင်း သုတေသန ပညာရှင်များ၏ အဆိုအရ အဆိုပါမြို့ဟောင်းမှာ နှစ်ပေါင် ၂၀၀၀ခန့်က တည်ရှိခဲ့ပြီး လူနေအဆောက်အဦး ၁၀၀၀ ခန့်နှင့်အတူ တစ်နေရာမှ တစ်နေရာ ဆက်သွယ် ကူးလူးနိုင်သည့် မိုင်ရာချီရှည်သော လမ်းသွယ်များကိုလည်း တွေ့ရှိခဲ့ရာ ရှေးခေတ် မာယန်လူမျိုးများ အသုံးပြုခဲ့ကြဖွယ်ရှိသည်ဟုဆိုသည်။ 

သုတေသီအဖွဲ့သည် ပလက်ဖောင်း အကြွင်းအကျန်များ၊ ပိရမစ် အစိတ်အပိုင်းများ၊ ဆည်များ၊ တူးမြောင်းများကိုလည်း ရှာဖွေ တွေ့ရှိခဲ့ကြသည်။ 

ယခု ရှာဖွေ စူးစမ်းမှုကို လေယာဉ်ပေါ်မှမြေပြင်ပေါ်သို့ လေဆာအလင်းတန်းများ ထုတ်လွှင့်ထောက်လှမ်းကာပုံရိပ်ဖမ်းယူသည့် ကောင်းကင် လေ့လာရေး LiDAR နည်းပညာဖြင့် ရှာဖွေဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ 

ဤနည်းပညာသည် ရေဒီယိုလှိုင်းများအစား လေဆာအလင်းတန်းကို အသုံးပြုခြင်းဖြစ်၍ မိုးသစ်တောများအောက်တွင် မြှုပ်ကွယ်နေသောအရာများကို ကောင်းစွာရှာဖွေနိုင်သည်။

သုတေသီများက ယခုရှာဖွေတွေ့ရှိသော မာယန်မြို့တော်ဟောင်း လူနေ အဆောက်အဦများအနီးတွင် ဘောလုံးကွင်းနှင့် တူသော ကွက်လပ်အချို့ကိုပါ တွေ့ရှိခဲ့ရာ ရှေးခေတ်မာယန်လူမျိုးများ အားကစား တစ်မျိုးပြုလုပ်ခဲ့ပုံရပြီး မြို့ နေရာအချို့မှာ နိုင်ငံရေး၊ အလုပ်အကိုင်နှင့် အပန်းဖြေနေရာ အဖြစ် အသုံးပြုခဲ့ပုံရသည်ဟု ဆိုသည်။ 

 

crd:indiatimes.com 

ဆက်စပ် သတင်းများ