နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁/၂၀၂၃ (နိုင်ငံတကာ)
အမေရိကန်ပြည်ထောင်စုအနေဖြင့် ယူကရိန်းသို့ အက်ဖ် ၁၆ တိုက်လေယာဉ်များ ပေးပို့သွားရန် အစီအစဉ်မရှိဟု သမ္မတဂျိုးဘိုင်ဒင်က တနင်္လာနေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ယူကရိန်းသို့ ဂျာမနီ နှင့်အမေရိကန်တို့က စွမ်းအားမြင့် တင့်ကားများပေးပို့မည်ဟု ကတိပြုခဲ့ပြီးနောက် ယူကရိန်းသမ္မတ ဇီလန်းစကီးက ယူကရိန်းလေကြောင်းပိုင်နက်ကို ရုရှားတို့၏ တိုက်ခိုက်မှုများမှ ကာကွယ်ရန် တိုက်လေယာဉ်များ ထပ်မံပေးပို့ရန် တောင်းဆိုခဲ့သည်။
သမ္မတ ဂျိုးဘိုင်ဒင်အား ယူကရိန်းက တောင်းဆိုနေသည့် အက်ဖ်-၁၆တိုက် လေယာဉ်များ ပေးပို့မည်လားဟု တနင်္လာနေ့က သတင်းထောက်များက မေးမြန်းခဲ့ရာ "ပေးပို့မည်မဟုတ်"ဟု ဘိုင်ဒင်ကဖြေကြားသွားခဲ့သည်။
အလားတူ ဂျာမန် အဓိပတိ အိုလက်ဖ် စခိုလ်ကလည်း ယူကရိန်းသို့ တိုက်လေယာဉ်ပေးပို့မည်မဟုတ်ဟုငြင်းဆန်ထားသည်။
ရုရှားနှင့် ဖြစ်ပွားနေသော စစ်ပွဲတွင် ယူကရိန်း လေကြောင်းပိုင်နက်ကို ထိန်းချုပ်ကာကွယ်နိုင်ရန်တိုက်လေယာဉ်များ လိုအပ်နေသည်ဟု ယူကရိန်းက ဆိုသည်။
အက်ဖ်၁၆ ဖယ်လ်ကွန် တိုက်လေယာဉ်များသည် အားထားရသော ဂျက်တိုက်လေယာဉ်အမျိုးအစားဖြစ်ပြီးဘယ်လ်ဂျီယံ၊ ပါကစ္စတန်အပြင် အခြားနိုင်ငံအများအပြားကလည်း အသုံးပြုလျှက်ရှိသည်။
အက်၁၆ တိုက်လေယာဉ်များသာ ရရှိပါက လက်ရှိယူကရိန်းလေတပ်က အသုံးပြုနေသည့် ခေတ်မမီတော့သည့် ဆိုဗီယက်ခေတ် တိုက်လေယာဉ်များနေရာတွင် အစားထိုးအဆင့်မြှင့်တင်နိုင်မည်ဖြစ်သည်။
သမ္မတ ဘိုင်ဒင်အနေဖြင့် ယူကရိန်းအား အခြား စစ်ရေးထောက်ပံ့မှုမျိုးကိုသာ ပြုလုပ်မည်ဟုဆိုထားပြီးတိုက်လေယာဉ် ပေးပို့ရေးကိစ္စကိုမူ ငြင်းဆိုထားသည်။
အမေရိကန်သည် ပြီးခဲ့သည့် အပတ်က ယူကရိန်းအားAbrams တင့်ကား (၃၁)စီး ပေးပို့မည်ဟု ကတိပေးခဲ့ပြီးနောက် ဗြိတိန်နှင့် ဂျာမနီတို့ကလည်း အလားတူ ပေးပို့ရန်ကတိပြုခဲ့ကြသည်။
ဂျာမနီအဓိပတိ အိုလက်ဖ် စခိုးလ် ကလည်း ယူကရိန်းသို့ Leopard 2 တင့်ကားများ ပေးပို့မည်ဟု ကတိပြုပြီးနောက် တိုက်လေယာဉ်ပေးပို့ရန်ကိစ္စကို ငြင်းဆိုထားသည်။
" နေတိုး စစ်ရေးမဟာမိတ်အဖွဲ့ဟာ ရုရှားနဲ့ စစ်ဖြစ်နေတာမဟုတ်တဲ့အတွက် နောက်ထပ်တိုက်လေယာဉ်ပေးပို့ပြီး စစ်ပွဲအရှိန်မမြင့်စေချင်ဘူး" ဟု ပြောကြားခဲ့သည်။
ရုရှားကမူ နေတိုးစစ်ရေးမဟာမိတ်အဖွဲ့သည် စစ်ရေးထောက်ပံ့ကူညီမှုများဖြင့် ယူကရိန်းကို ကြားခံထားကာ စစ်ပွဲအရှိန်မြှင့်အောင် လုပ်ဆောင်နေသည်ဟု စွပ်စွဲထားသည်။
Ref:bbc