နိရဉ္စရာ၊ ဖေဖော်ဝါရီ ၈/၂၀၂၃ (နိုင်ငံတကာ)
တူ၇ကီ ဆီးရီးယားနယ်စပ်အနီး ဖေဖော်ဝါရီ(၆)ရက်နေ့က လှုပ်ခတ်သွားသည့် အင်အား ၇ ဒဿမ၈ မဂ္ဂနီကျုရှိ ငလျင်ဒဏ်ကြောင့် သေဆုံးသွားသူအရေအတွက်မှာ ယခုအခါ ၈၀၀၀ နီးပါးသို့ ရောက်ရှိလာပြီဖြစ်သည်။
အလွန်အေးပြီး ဆီးနှင်းများနှင့်အတူ မိုးများပါရွာသွန်းနေသော ဆိုးရွားသည့် ရာသီဥတု အောက်တွင် ကယ်ဆယ်ရေး လုပ်သားများသည် ပြိုကျနေသည့် အဆောက်အဦများအောက် အသက်ရှင်ကျန်နေသူ အချို့ကို ရှာဖွေကယ်ထုတ်နိုင်ရန်အချိန်ကိုလု၍ ကြိုးပမ်းဆောင်ရွက် နေကြသည်။
ထိုသို့ လုပ်ဆောင်နေကြစဉ် ဆီးရီးယားမြောက်ပိုင်းသူပုန်များ ထိန်းချုပ်ထားရာ ဂျင်ဒါရစ် မြို့ကလေးတွင် ချက်ကြိုးတန်းလန်းနှင့် မွေးကင်းစ ကလေးငယ်တစ်ဦးကို ကယ်ဆယ်ရေး လုပ်သားများက ရှာဖွေတွေ့ရှိပြီး အသက်ရှင်လျှက်ကယ်ထုတ်နိုင်ခဲ့သည်ဟု သိ၇သည်။
ပြိုကျနေသော အဆောက်အဦးတစ်ခုအတွင်းမှ ကလေးငိုသံကြားသဖြင့် ရှာဖွေခဲ့ရာ အဆိုပါ ကလေးငယ်ကို သေဆုံးနေသော မိခင်အနီး ချက်ကြိုးတန်းလန်းနှင့် တွေ့မြင်၇သဖြင့် ကယ်ဆယ်ရေးသမားများက ချက်ကြိုးကို ဖြတ်တောက်ပြီး ဆေးရုံသို့ အလျင်အမြန် ပို့ဆောင် ပေးခဲ့ကြသည်။
မွေးကင်းစ ကလေးငယ်၏ မိခင်နှင့်တကွ မိသားစုဝင်အားလုံးမှာ နေအိမ်အပျက်စီးများ အောက်တွင်သေဆုံးနေသည်ကိုတွေ့ရှိခဲ့ကြသည်။
“ အပျက်အစီးတွေကြား တူးဆွနေတုန်း ကလေးငိုသံကြားလို့ ကယ်ဆယ်ရေးအဖွဲ့တွေ ဆက်တူးတဲ့အခါ သေနေတဲ့အမေ အနားမှာ ချက်ကြိုးတန်းလန်းနဲ့ မွေးခါစကလေးကို တွေ့ကြတယ်။ သူတို့ချက်ချင်းဖြတ်တောက်ပြီး သယ်ထုတ်ခဲ့၇တယ်” ဟု ဆွေမျိုးနီးသပ်တော်သူ ခါလီ ဆူဝါဒီက ပြောသည်။
ဗီဒီယိုမှတ်တမ်းတွင် ပြိုကျနေသော လေးထပ်အဆောက်အဦးအတွင်းမှ အမျိုးသားတစ်ဦးက ဖုန်အလိမ်းလိမ်းပေကျံနေသော ကလေးငယ်ကို ပွေ့ပိုက်ပြေးထွက်လာပြီး အခြားတစ်ဦးက စောင်တစ်ထည် ယူလာပေးကာ အခြားတစ်ဦးက ဆေးရုံပို့ရန် အရေးပေါ်ကား ခေါ်ပေးနေသည်ကို မြင်တွေ့၇သည်။
ကလေးငယ်အား အနီးဆုံး အက်ဖရင်မြို့ ဆေးရုံသို့ ပို့ဆောင် ကုသပေးနေစဉ် သူ၏ ဖခင်အဗ္ဗဒူလာ၊ မိခင် အာဖရာ နှင့် ရင်သွေးလေးဦး၊ အဒေါ်တစ်ဦးတို့၏ အလောင်းများကို အပျက်အစီးများ ကြားမှ ဆွဲထုတ်ပြီး အနီးရှိနေအိမ်ကြမ်းပြင် တစ်ခုပေါ်တွင် တန်းစီချထားသည်ကို တွေ့မြင်၇သည်။ ၄င်းတို့ကို အခြားသေဆုံးသွားကြသူများနှင့် အတူ စုပေါင်းသဂြိုလ်မည်ဖြစ်သည်။
“ ကျွန်တော်တို့တတွေဟာ အစိုး၇ထိန်းချုပ် ဒိုင်ယာ အက်ဇောမြို့က ထွက်ပြေးလာကြ၇သူတွေပါ။ အဗ္ဗဒူလာကကျွန်တော့် ဦးလေးပါ။ ကျွန်တော်က သူ့ညီမကို လက်ထပ်ထားတာပါ” ဟု ခါလီဆူဝါဒီက ပြောသည်။
သေဆုံးသွားသည့် မိသားစုဝင်များ နေထိုင်ရာအိမ်မှာ ဂျင်ဒါရစ်တွင် ငလျင်ဒဏ်ကြောင့် ပြိုကျသွားသည့် နေအိမ်အဆောက်အဦး ၅၀ အနက် တစ်ခုဖြစ်သည်။
နောက်ဆုံးစာရင်းအ၇ ဆီးရီးယားတွင် သေဆုံးသူ ၁၆၀၀ ကျော် ရှိပြီး တူ၇ကီတွင် ၃၄၀၀ ကျော် ရှိပြီဟု အာဏာပိုင်များက ဆိုသည်။
၄င်းတို့အနက် (အာဆတ်အစိုး၇ကို တော်လှန်နေသည့်) သူပုန်များ ထိန်းချုပ်ထားရာ မြို့ကြီး၊မြို့ငယ်များမှ သေဆုံးသူ ၈၀၀ ခန့်ပါဝင်သည်။
NN-27, ref: CNA