နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၀/၂၀၂၃ (နိုင်ငံတကာ)
အမေရိကန် U2 ထောက်လှမ်းရေး လေယာဉ်က ပေးပို့သည့် ဓါတ်ပုံများအရ ပြီးခဲ့သည့် အပတ်ကအမေရိကန်ပြည်ထောင်စုကို ဖြတ်ကျော်ပျံသန်းသွားသည့် မိုးပျံဘောလုံးတွင် တပ်ဆင်ထားသော ပစ္စည်းကိရိယာများသည် မိုးလေ၀သ အချက်အ၇များ ရယူရန်အတွက် မဟုတ်ဘဲ မြေပြင်သတင်းအချက်အလက်များကိုစုံစမ်းထောက်လှမ်းရန် အတွက်သာဖြစ်သည်ဟု အမေရိကန်တာဝန်ရှိသူများက ကြာသပတေးနေ့က ပြောကြားလိုက်သည်။
"ယူတူး ထောက်လှမ်းရေး လေယာဉ်က ရရှိခဲ့တဲ့ အသေးစိတ် ဓါတ်ပုံတွေအရတရုတ် မိုးပျံဘောလုံးမှာ တပ်ဆင်ထားတဲ့ ပစ္စည်းကိရိယာတွေဟာ မိုးလေ၀သလေ့လာရေးအတွက်မဟုတ်ဘဲ ထောက်လှမ်းရေး သတင်း အချက်အလက် ရယူဖို့အတွက်ပဲဖြစ်တယ်ဆိုတာတွေ့ရှိခဲ့၇တယ်။"
" အဲဒီမှာ အရုပ်အသံဖမ်း အင်တင်နာမျိုးစုံ တပ်ဆင်ထားပြီး သတင်းအချက်အလက်စုဆောင်းရယူနိုင်သလို မြေပြင် တည်နေရာပြ ဆက်သွယ်ရေးလည်း လုပ်ဆောင်နိုင်တာ တွေ့၇တယ်။"
" အင်မတန်ကြီးမားပြီး မိုးပျံဘောလုံးအတွက် လုံလောက်တဲ့ နေရောခြည်စွမ်းအင်ပမာဏ ထုတ်ပေးနိုင်တဲ့ဆိုလာပြားတွေလည်း တပ်ဆင်ထားတာတွေ့၇တယ်" ဟု အမေရိကန် နိုင်ငံခြားရေးဌာန အထက်တန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
တရုတ်မိုးပျံဘောလုံးသည် ပြီးခဲ့သည့်အပတ်က အမေရိကန်နိုင်ငံ၏ နျူးကလီယား လက်နက်များ သိုလှောင်ထားရာနေရာများကို ဖြတ်ကျော်ပျံသန်းသွားပြီးနောက်စနေနေ့က အတ္တလန်တိတ် ပင်လယ်ကမ်းခြေ အလွန်တွင် အမေရိကန်တိုက်လေယာဉ်များက ပစ်ချဖျက်ဆီးလိုက်သည်။
အမေရိကန် ဗဟိုထောက်လှမ်းရေးဌာနမှ အရာရှိတစ်ဦးကယခု ပြန်ဆယ်ရရှိသော အစိတ်အပိုင်းများမှာ ဘောလုံးကသယ်ဆောင်နိုင်သည့် ထောက်လှမ်းရေးနဲ့ လျှပ်စစ်စွမ်းအင်ပစ္စည်းများ၏ အလေးချိန်အစိတ်အပိုင်း အနည်းငယ်မျှသာရှိသေးသည်ဟု ဆိုသည်။
ယခု တွေ့ရှိ၇သော ပစ္စည်းကိရိယာများမှာ ရေပြင်ပေါ်တွင် မျောပါနေသော အပိုင်းအစ အနည်းငယ်သာဖြစ်ပြီး ရေအောက် ၁၄ မီတာတွင် နစ်မြုပ်နေသည့် ဆိုလာပြား အစိတ်အပိုင်းကြီးများ အပါအဝင် အခြားကိရိယာများ ရှိနေသေးသည်ဟု အက်ဖ်ဘီအိုင်ကတာဝန်ရှိသူတစ်ဦးက ဆိုသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ယခု ပစ်ချခံ၇သော မိုးပျံဘောလုံးသည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ထိန်းချုပ်မှုအောက်တွင် ရှိပြီး တရုတ်နိုင်ငံကကမ္ဘာ့တိုက်ကြီး ငါးတိုက်ရှိနိုင်ငံပေါင်း (၄၀) ကျော်ကို စုံစမ်းထောက်လှမ်းရန် နှင့်သတင်း အချက်အလက် ရယူရန် စေလွှတ်ထားသောမိုးပျံဘောလုံးများအနက်မှ တစ်ခုသာ ဖြစ်သည်ဟု ဆိုသည်။
NN-27, ref: CNA