Preview

မြောက်ကိုးရီးယား တိုက်ချင်းပစ်ဒုံးကျည် ဂျပန်ရေပိုင်နက်ပေါ်ကျရောက်၊ ကိုးရီးယားကျွန်းဆွယ်စစ်ရေးတင်းမာမှုမြင့်တက်

ဖေဖော်ဝါရီ ၁၉/ ၂၀၂၃ | ကြည့်ရှုသူ :4885
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၉/၂၀၂၃ (နိုင်ငံတကာ)

 

တောင်ကိုးရီးယားနှင့် အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှု မစတင်မီ ရက်ပိုင်းအလိုတွင်မြောက်ကိုးရီးယားက ပစ်လွှတ်လိုက်သော ဒုံးကျည်တစ်စင်းသည် ဂျပန်အထူးစီးပွားရေးဇုန်ရေပိုင်နက် အတွင်းသို့ စနေနေ့က ကျရောက်ခဲ့ကြောင်း ဂျပန်အစိုးရပြောရေးဆိုခွင့်၇ပုဂ္ဂိုလ်က ပြောကြားလိုက်သည်။

 

မြောက်ကိုးရီးယား၏ နျူးကလီးယားလက်နက်ဖြင့် တိုက်ခိုက်လာမည့်အန္တရာယ်မှ ကြိုတင် ကာကွယ်နိုင်ရန် တောင်ကိုးရီးယားနှင့် အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်ရန်ဆုံးဖြတ်ပြီး ရက်အနည်းငယ်အတွင်း မြောက်ကိုးရီးယားက ယခုကဲ့သို့ဒုံးကျည်ပစ်ခတ်စမ်းသပ်လိုက်ခြင်း ဖြစ်သည်။

 

အဆိုပါ တောင်ကိုးရီးယားနှင့် အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုအပေါ် စစ်ရေးလေ့ကျင့်မှုကိုမြောက်ကိုးရီးယားကပြင်းထန်စွာ ကန့်ကွက်ထားပြီး တုံ့ပြန်သွားမည်ဟု ဆိုထားသည်။

 

မြောက်ကိုးရီးယား၏ ယခု ပစ်ခတ်မှုမှာ ရက်သတ္တပတ်(၇)ပတ်အတွင်း ဒုတိယအကြိမ်မြောက်ဖြစ်သည်။

 

ဂျပန်အစိုးရပြောရေးဆိုခွင့်ရှိသူ ဟီရိုကာဇူ မတ်ဆူနိုကမြောက်ကိုးရီးယားက ပစ်ခတ်လိုက်သော ဒုံးကျည်မှာ တိုက်ချင်းပစ်ဒုံးကျည် ( ICBM)အမျိုးအစားဖြစ်ပြီး ဂျပန်ရေပိုင်နက်ထဲ မကျရောက်မီ ၆၆ မိနစ်ပျံသန်းခဲ့သည်ဟု ဆိုသည်။

 

ဂျပန်ကာကွယ်ရေးဝန်ကြီး ရာစုကာဇူ ဟာမာဒါက ယခု ဒုံးကျည်သည် ကီလိုမီတာ၁၄၀၀၀ အထိ ပစ်ခတ်နိုင်စွမ်းရှိသည့်အတွက် အမေရိကန်ပြည်ထောင်စု၏ မည်သည့်နေရာကိုမဆိုရောက်ရှိအောင် ပစ်ခတ်နိုင်သည်ဟု ဆိုသည်။

 

တောင်ကိုးရီးယားစစ်ဘက်အရာရှိများက တိုက်ချင်းပစ်ဒုံးကျည်ပစ်လွှတ်မှုကို ထောက်လှမ်း သိရှိခဲ့ကြောင်း၊ အိမ်နီးချင်းနိုင်ငံများပေါ်က ဖြတ်ကျော်ပျံသန်းမှုပုံစံမျိုးမဟုတ်တော့ဘဲ ပစ်မှတ်ဆီသို့ လေးကိုင်းသဏ္ဍာန် ရောက်ရှိစေသည့် နည်းပညာကိုအသုံးပြုထားကြောင်း၊ ကီလိုမီတာ ၉၀၀ အထိ ပျံသန်းခဲ့ကြောင်း၊အသေးစိတ်အချက်အလက်များကို တောင်ကိုးရီယား-အမေရိကန် ထောက်လှမ်းရေး တာဝန်ရှိသူများဆက်လက်စစ်ဆေးနေကြောင်း ပြောကြားသည်။

 

 ဒုံးကျည်ဖြတ်ကျော်ပျံသန်းချိန်တစ်နာရီကျော်မှာ ပြီးခဲ့သည့် နိုဝင်ဘာလက စမ်းသပ်ပစ်လွှတ်ခဲ့သော Hwasong-17 တိုက်ချင်းပစ် ဒုံးပျံနှင့် အတူတူပင်ဖြစ်သည်ဟု ဆိုးလ်အခြေစိုက် NKnews ကဖော်ပြသည်။

 

" ဒါဟာ မြောက်ကိုးရီးယားရဲ့ တာဝေးပစ် ဒုံးကျည်စွမ်းဆောင်ရည် မြှင့်တင်ဖို့ နောက်ထပ် ခြေလှမ်းတစ်ခုပါ။ သူတို့ ပေးချင်တဲ့သတင်းစကားက ရှင်းရှင်းလေးပါ။ ငါတို့ မြောက်ကိုးရီးယားကနျူးကလီးယားလက်နက်သယ်ဆောင်နိုင်တဲ့ တာဝေးပစ် ဒုံးကျည်တွေတစ်နေ့တခြားပိုကောင်းလာနေပြီ ဆိုတာပါ" ဟု အငြိမ်းစား တောင်ကိုးရီးယားဗိုလ်ချုပ် ချန်အင်ဘမ်းက ပြောကြားခဲ့သည်။

 

 " ဒီဒုံးပျံကHwasong-17 ဒုံးကျည်ကို ဒုတိယမြောက် စမ်းသပ်တာဖြစ်ပြီး လောင်စာခဲ(solid-fuel ICBM) စွမ်းအင်သုံး တိုက်ချင်းပစ်ဒုံးကျည်အမျိုးအစားဖြစ်တယ်"ဟု ၎င်းက ဆက်ပြောသည်။

 

မြောက်ကိုးရီးယားက ၎င်းတို့၏ နျူးကလီးယားလက်နက်နိုင်ငံ ဖြစ်ရေး ရည်မှန်းချက်ကိုနောက်ကို နောက်မဆုတ်နိုင်ဟု ကြေညာပြီး တစ်နှစ်အတွင်း လစဉ်လိုလိုဒုံးကျည် ပစ်ခတ်စမ်းသပ်ပြုလုပ်ချိန်မှ စ၍ ကိုးရီးယားကျွန်းဆွယ်တွင်စစ်ရေးတင်းမာမှုများ မြင့်တက်လာနေခဲ့သည်။ အခြေအနေကို တုံ့ပြန်သည့်အနေဖြင့်တောင်ကိုးရီးယားက အမေရိကန်နှင့် ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်မှုတစ်ခုပြုလုပ်ရန်စီစဉ်နေသည်။

 

ထိုသို့ စစ်ရေးလေ့ကျင့်ရန် စီစဉ်နေခြင်းကို မြောက်ကိုးရီးယားက တောင်ကိုးရီးယားစစ်ပြင်နေခြင်း ဖြစ်သည်ဟုပြောဆိုပြီး တစ်မူထူးခြားစွာ လက်တုံ့ပြန်သွားမည်ဟု ဆိုနေသည်။

 

NN-27

Ref  and photoBangkok Post

#နိုင်ငံတကာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.