နိရဉ္စရာ၊မတ် ၁၅/၂၀၂၃(နိုင်ငံတကာ)
ရုရှားဂျက်တိုက်လေယာဉ် နှစ်စင်းသည် ပင်လယ်နက် နိုင်ငံတကာရေပြင်ပေါ် တွင် ပျံသန်းနေသည့် အမေရိကန် ဒရုန်းတစ်စင်းအား မတ်လ(၁၄)၇က်နေ့ကလိုက်လံနှောက်ယှက်ရာမှ အမေရိကန် ဒရုန်းသည် ပင်လယ်နက်ရေပြင်ထဲသို့ ထိုးကျပျက်စီးသွားခဲ့သည်ဟု သိ၇သည်။
Su-27 အမျိုးအစား ရုရှားဂျက်တိုက်လေယာဉ် နှစ်စင်းသည် အမေရိကန် MQ-9Reaper အမျိုးအစား ဒရုန်းတစ်စင်းအား ပင်လယ်နက် နိုင်ငံတကာရေပြင်ပေါ်တွင် တွေ့ရှိ၇ပြီးနောက် တိုက်လေယာဉ် တစ်စီးသည် ဒရုန်းပေါ်သို့လောင်စာဆီများ သွန်ချပြီး တစ်စင်းက ဒရုန်း၏ ပဲ့ကို ထိန်းချုပ်ခဲ့သည်။
ထို့နောက် ဟန်ချက်ပျက်သွားသော ဒရုန်းနှင့် ရုရှားဂျက်တိုက်လေယာဉ်တို့ တိုက်မိပြီး ရေထဲထိုးကျ ပျက်စီးသွားခဲ့သည်ဟု ဥရောပ အမေရိကန်စစ်ဌာနချုပ်ကပြောကြားသည်။
“ မတိုက်မိခင် Su-27တိုက်လေယာဉ်တစ်စင်းက MQ9 ဒရုန်းပေါ်ကို လောင်စာဆီတွေ အကြိမ်ကြိမ် သွန်ချပြီး ဒရုန်းရှေ့က ဖြတ်ပျံခဲ့တယ်။ ဒါဟာ တမင်ရန်စတာဖြစ်ပြီး လုံး၀ကျင့်ဝတ်နဲ့လည်းမညီပါဘူး။”
“ခုလို အနီးကပ်နှောက်ယှက်မှုကြောင့် MQ-9 ဒရုန်းဟာ ထိန်းချုပ်လို့မ၇တော့ဘဲ ရေထဲပျက်ကျ သွား၇တာ ဖြစ်တယ်” ဟု ပင်တာဂွန်က ပြောသည်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနဘက်က ယခုဖြစ်ရပ်ကို ငြင်းဆိုထားပြီး မိမိတို့ တိုက်လေယာဉ်နှစ်စင်းနှင့် အမေရိကန်ဒရုန်း ထိတွေ့ခဲ့မှု မရှိသလို တစ်တစ်ရာ လက်နက်အသုံးပြုခဲ့ခြင်းလည်း မရှိဟု ဆိုသည်။
အမေရိကန် MQ-9 Reaper ဒရုန်းမှာ ပင်လယ်နက် နိုင်ငံတကာရေပြင်ပေါ်တွင် ပုံမှန်အတိုင်း အချက်အလက် ရှာဖွေထောက်လှမ်းရေး (ISR)လုပ်ဆောင်နေခြင်းသာ ဖြစ်သည်ဟု ပင်တာဂွန်စစ်ဌာနချုပ်က ပြောသည်။
အမေရိကန်နိုင်ငံခြားရေးဌာနက ဝါရှင်တန်ရှိ ရုရှားသံအမတ်ကို ခေါ်ယူတွေ့ဆုံခဲ့သည်ဟု ဆိုသည်။
“ ခုလို အန္တရာယ်ရှိပြီး ပရော်ဖက်ရှင်နယ်မဆန်တဲ့ အပြုအမူနဲ့ပတ်သက်ပြီး ရုရှထိပ်တန်းသံတမန်တွေနဲ့ ကျွန်တော်တို့တွေ့ဆုံမေးမြန်းနေပါတယ်။” ဟု နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်၇ နက်ပရိုက်စ်က သတင်းထောက်များကိုပြောဆိုခဲ့သည်။
အမေရိကန်ပြည်ထောင်စုသည် MQ-9 Reaper အမျိုးအစား ဒရုန်းများကို ရှာဖွေထောက်လှမ်းရေးနှင့် တိုက်ခိုက်ရေးများတွင် အသုံးပြုလျှက်ရှိပြီး ပင်လယ်နက်ရှိ ရုရှားရေတပ်၏ လှုပ်ရှားမှုများကို ပုံမှန် ထောက်လှမ်း အကဲခတ်နေသည်မှာ ကြာပြီဖြစ်သည်။
NN-27
Ref:AFP