အင်္ဂါ၊ မတ်လ ၅ရက်၊ ၂၀၂၄

ရုရှားသမ္မတ ပူတင်အား ICCက ဖမ်းဝရမ်းထုတ်၊ ရုရှားကအိမ်သာသုံးစက္ကူဟုသာ သဘောထားကြောင်းတုန့်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 3.3k

နိရဉ္စရာ၊ မတ် ၁၈/၂၀၂၃ (နိုင်ငံတကာ)

 

နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)သည် ရုရှားသမ္မတ ပူတင်အား ယူကရိန်းတွင် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများအတွက် ဖမ်းဆီးရန် အမိန့်တစ်ရပ်ကို မတ်လ(၁၇)ရက်နေ့က ထုတ်ပြန်လိုက်သည်။

 

၂၀၂၂ခုနှစ် ဖေဖော်ဝါရီ(၂၄)ရက် ယူကရိန်းအား စတင်ကျူးကျော်ခဲ့ချိန်မှစ၍ ပူတင်ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများနှင့် ရုရှားထိန်းချုပ်ထားသော ယူကရိန်းနယ်မြေရှိ ကလေးသူငယ် ၁၆၀၀၀ ကို ရုရှားနိုင်ငံသို့ အတင်းအဓမ္မ ပို့ဆောင်ခဲ့မှု တို့အတွက် ဖမ်းဆီးရန် အမိန့်ထုတ်လိုက်ခြင်းဖြစ်သည်။

 

ယခု ဖမ်းဝရမ်း ထုတ်ပြန်မှုနှင့် ပတ်သက်၍ ရုရှားက ဒေါသတကြီးတုန့်ပြန်ခဲ့ပြီး ရုရှားသမ္မတဟောင်း မက်ဗီဒက်က ဒီစာရွက် ဘယ်မှာ သုံးလို့ရမယ်ဆိုတာ ခင်ဗျားတို့ သိတယ်နော်ဟု တွစ်တာပေါ်တွင် အိမ်သာသုံးစက္ကူလိပ်ပုံ emoji ဖြင့်တုန့်ပြန်ရေးသားခဲ့သည်။

 

ICC ၏ အမိန့်ကို ရုရှားက အိမ်သာသုံးစက္ကူအဖြစ်သာ သဘောထားသလို ဥပဒေအရ ICC တွင် မည်သည့် လုပ်ပိုင်ခွင့်မှ မရှိဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက တုန့်ပြန်ခဲ့သည်။

 

ရုရှားသည် ICC အဖွဲ့ဝင် နိုင်ငံမဟုတ်သည့်အတွက် ICC အနေဖြင့် ရုရှားအား ဥပဒေအရ အရေးယူပိုင်ခွင့်လည်း မရှိပေ။ ယခုကဲ့သို ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတစ်ခု၏ ခေါင်းဆောင်တစ်ဦးကို ဖမ်းဝရမ်း ထုတ်ပြန်ခြင်းမှာ ICC သမိုင်းတွင် ပထမဦးဆုံးအကြိမ်လည်း ဖြစ်သည်။

 

သမ္မတပူတင်အား ICC က ဖမ်းဝရမ်းထုတ်သည့်အပေါ် ယူကရိန်းက ထောက်ခံအားပေးလိုက်ပြီး အမေရိကန်သမ္မတ ဘိုင်ဒင်ကလည်း တရားမျှတသောဆုံးဖြတ်ချက် ဖြစ်သည်ဟု ဆိုသည်။

 

ရုရှားရော ယူကရိန်းပါ ICC အဖွဲ့ဝင် နိုင်ငံများ မဟုတ်ကြပေ။ နယ်သာလန်နိုင်ငံ ဟိဂ်မြို့၌ ရုံးစိုက်သော ICC က သမ္မတ ပူတင်အား ဖမ်းဝရမ်းသာ ထုတ်ပြန်နိုင်ပြီး အမှန်တကယ် ဖမ်းဆီးနိုင်ခြင်းလည်းမရှိပေ။

 

အိုင်စီစီဥက္ကဋ္ဌ ဟော့ဖ်မန်းစကီးက ဥပဒေအရ ဖမ်းဆီးအရေးယူနိုင်ရန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု လိုအပ်သည်ဟု ဆိုသည်။ ပူတင် နှင်အတူ သူ၏ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အထူးအရာရှိ မာရီယာ အယ်ဗိုဗာ ဘီလိုဗာကိုလည်း ICC က ယူကရိန်းကလေးသူငယ်များအား ရုရှားသို့ အတင်းအကြပ် ရွှေ့ပြောင်းခဲ့သည့် စစ်ရာဇဝတ်မှုဖြင့် ဖမ်းဝရမ်းထုတ်ထားသည်။

 

ရုရှားနိုင်ငခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဇာခါရိုဗာက အိုင်စီစီရဲ့ ဆုံးဖြတ်ချက်ဟာ ရုရှားနိုင်ငံအတွက် ဘာအဓိပ္ပါယ်မှ မရှိတဲ့ ဆုံးဖြတ်ချက်ပါ။ ရုရှားဟာ အိုင်စီစီအဖွဲ့ဝင်နိုင်ငံလည်း မဟုတ်သလို ဥပဒေ ရှုထောင့်အရလည်း အဓိပ္ပါယ် မရှိပါဘူးဟု ပြောကြားခဲ့သည်။

 

NN-27

Ref:CNA

ဆက်စပ် သတင်းများ