စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

တရုတ်သမ္မတ ရှီကျင့်ဖျင် မော်စကိုသို့ ယနေ့ရောက်ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 6.4k

ုံကြည်မှုတည်ဆောက်ရန်နှင့် နှစ်နိုင်ငံအရေးကြီးသဘောတူစာချုပ်များချုပ်ဆိုမည်

 နိရဉ္စရာ၊ မတ် ၂၀/၂၀၂၃ (နိုင်ငံတကာ)

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် တတိယအကြိမ် သမ္မတတာဝန် ထမ်းဆောင်ပြီးနောက် ပထမဦးဆုံး ပြည်ပခရီးစဉ်အဖြစ် ရုရှားနိုင်ငံ မော်စကိုမြို့သို့ မတ်လ(၂၀)ရက်နေ့တွင် ရောက်ရှိလာသည်။

တရုတ် သမ္မတ ရှီကျင့်ဖျင့် ရုရှားသမ္မတ ပူတင်တို့ နှစ်ဦးသား သီခြားတွေ့ဆုံရန်စီစဉ်ထားပြီး နောက်တစ်နေ့ကျမှ အစိုးရကိုယ်စားလှယ်အဖွဲ့များ တွေ့ဆုံကြမည်ဟု သိရသည်။

ယခုခရီးစဉ်မှာ နှစ်နိုင်ငံကြား ယုံကြည်မှု တိုးမြှင့်ရန် နှင့် မဟာဗျူဟာပူးပေါင်းဆက်ဆံရေး မြှင့်တင်ရန် ဖြစ်သည်ဟု တရုတ်အစိုးရက ထုတ်ပြန်သည်။

သောကြာနေ့က ရှီကျင့်ဖျင် မော်စကိုသို့ သွားရောက်မည့်သတင်းထွက်ပေါ်ပြီး နာရီပိုင်းအတွင်းမှာင် သမ္မတပူတင်အား နိုင်ငံတကာရာဇဝတ်ခုံရုံးက စစ်ရာဇဝတ်မှုဖြင့် ဖမ်းဆီးရန် အမိန့်တစ်ရပ် ထွက်ပေါ်ခဲ့သည်။

ရုရှား ယူကရိန်းစစ်ဆင်ရေးကြောင့် တရုတ်နှင့် ရုရှားနှစ်နိုင်ငံကြားဆက်ဆံရေး ထိခိုက်မှု လုံးဝမရှိဟု နှစ်နိုင်ငံစလုံးက ကြေညာထားသလို ယခုကဲ့သို့ ကမ္ဘာ့ဒုတိယအင်အားအကြီးဆုံး တရုတ်ခေါင်းဆောင် တစ်ဦး မော်စကိုသို့ လာရောက်ခြင်းမှာ ရုရှားအတွက် တွန်းအားတစ်ရပ်ဖြစ်စေခဲ့သည်။

ြီးခဲ့သည့်နှစ်က ယူကရိန်းအား ကျူးကျော်ခဲ့ချိန်မှ စ၍ ရုရှားသည် ကမ္ဘာ့အလယ်တွင် မိတ်ဖက်နိုင်ငံအများအပြား ဆုံးရှုံးသွားခဲ့သလို ကုန်သွယ်ရေးတွင်လည်း များစွာထိခိုက်နစ်နာခဲ့သည်။

ဆုံးရှုံးသွားသည့် အနောက်နိုင်ငံဈေးကွက်နေရာတွင် အစားထိုးဝင်ရောက်လာသည့် တရုတ်သည် ရုရှားအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပြီး ၂၀၂၂ ခုနှစ်အတွင်း ရုရှားက တရုတ်သို့ ပို့ကုန်တန်ဖိုး ၄၅% တိုးတက်လာသလို နှစ်နိုင်ငံကုန်သွယ်ရေးမှာ နှစ်စဉ် ၃၀%တိုးပွားနေသည်ဟု သိရသည်။

ရုရှားသည် တရုတ်နိုင်ငံအား စက်မှုလုပ်ငန်းသုံး ပစ္စည်းများ၊ ကိရိယာများ၊ အစိတ်ပိုင်းများနှင် ကုန်ကြမ်းများထောက်ပံ့ပေးရန် စိတ်ဝင်စားနေပြီး အနောက်နိုင်ငံများနေရာတွင် တရုတ်ကို အစားထိုးရန် ကြိုးစားနေသည်။

တရုတ်နိုင်ငံသည် ရုရှားအား နိုင်ငံရေးအရလည်း ကြားနေအဖြစ် ကုလသမဂ္ဂတွင် ရပ်တည်ပေးနေပြီး ရုရှား ယူကရိန်း ကျူးကျော်မှုကို ပြစ်တင်ရှုတ်ချရာတွင် ပါဝင်ခြင်းမရှိဘဲ ရပ်တည်ခဲ့သည်။ ယခုကဲ့ တရုတ် ရပ်တည်ချက်ကို ရုရှားကလည်း ကြိုဆိုသည်။

ရုရှား ယူကရိန်းစစ်ပွဲကြောင့် နှစ်နိုင်ငံကြား ဆက်ဆံရေးထိခိုက်မှု မရှိခဲ့သလို ရှီကျင့်ဖျင် ယခု ခရီးစဉ်တွင်လည်း နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များ ထပ်မံချုပ်ဆိုနိုင်လိမ့်မည်ဖြစ်ကြောင်း ရုရှားဘက်က ဆိုသည်။

ရှီကျင့်ဖျင် နှင့် ပူတင်တို့ တွေ့ဆုံဆွေးနွေးမှုတွင် ယူကရိန်းအရေးနှင့် ပတ်သက်၍ တရုတ်နှင့် စစ်ရေးနည်းပညာ ပူးပေါင်းဆောင်ရွက်ရန် ပါဝင်သည်ဟု ဆိုသော်လည်း တရုတ်က ရုရှားအား လက်နက်များ ထောက်ပံ့ပေးသွားမည်မဟုတ်ဟု ငြင်းဆိုထားသည်။

 

NN-27

 ref:CNA

ဆက်စပ် သတင်းများ