“၇ေငုပ်သင်္ဘော(၆)စီးနှင့်စစ်သင်္ဘော(၈)စီး တစ်ပြိုင်တည်းဆိုက်ကပ်နိုင်”
နိရဉ္စရာ၊ မတ် ၂၀/၂၀၂၃ (နိုင်ငံတကာ)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ပထမဦးဆုံး ရေငုပ်သင်္ဘောဆိပ်ကမ်းသစ်ကို မတ်လ(၂၀)ရက်ကစတင်ဖွင့်လှစ်လိုက်ကြောင်း သိ၇သည်။
BNS Sheikh Hasina ဟုအမည်ပေးထားသော ရေငုပ်သင်္ဘောဆိပ်ကမ်းသစ်သည် ကော့ဘဇားခရိုင်ပီခူးယားတွင် တည်ရှိပြီး ရေငုပ်သင်္ဘောများနှင့် စစ်သင်္ဘောများဆိုက်ကပ်နိုင်ရန် ခေတ်မီအသုံးအဆောင်ပစ္စည်းများ တပ်ဆင်ထားသည်ဟုဆိုသည်။
အမေရိကန်ဒေါ်လာ၁.၃၁ ဘီလျံ ကုန်ကျသည့် အဆိုပါဆိပ်ကမ်းတွင် ရေငုပ်သင်္ဘော (၆)စီးနှင့် စစ်သင်္ဘော(၈)စီး တစ်ပြိုက်နက်တည်း ဆိုက်ကပ်နားခိုနိုင်သည်။
ဘင်္ဂလားပင်လယ်အော်ထဲတွင် တည်ရှိသဖြင့် အရေးပေါ်အခြေအနေတစ်ခုတွင် လုံခြုံပြီးအလျင်အမြန်ရွေ့လျားနိုင်သော ဆိပ်ကမ်းဖြစ်သည်ဟုဆိုသည်။ ယခုရေငုပ်သင်္ဘောဆိပ်ကမ်းသစ်ကို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ၂၀၁၇ခုနှစ်၊မတ်လ(၃)ရက်နေ့က အုတ်မြစ်ချပေးခဲ့ပြီး တရုတ်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
၂၀၀၉ခုနှစ်တွင် ရှိတ်ဟာဆီနာ အာဏာရရှိခဲ့ပြီးနောက် သူမ၏ဖခင်၇ှိတ်မူဂျီဘာရာမန်ချမှတ်ခဲ့သော Forces Goal-2030 ကာကွယ်ရေးမူဝါဒကို စတင် အကောင်အထည်ဖော်ခဲ့သည်။
“ရေတပ်ကိုခေတ်မီဖို့နဲ့ ဒေသတွင်း အင်အားတောင့်တင်းဖို့ အစိုး၇ဟာ ရေတပ်သင်္ဘောတိုးချဲ့ရေးဖြည့်တင်းရေး စတဲ့ အခြေခံအဆောက်အဦးဖွံ့ဖြိုးရေးအမျိုးမျိုးကို လက်တွေ့ကျကျ အကောင်အထည်ဖော်ခဲ့တယ်”ဟုဟာဆီနာက ပြောကြားခဲ့သည်။
၂၀၁၆ခုနှစ်တွင်တရုတ်သမ္မတ ရှီကျင့်ဖျင်သည် နှစ်ပေါင်း ၃၀ အတွင်း ဘင်္ဂလားဒေ့ရှ်သို့ပထမဦးဆုံးအကြိမ်အလည်အပတ် ရောက်ရှိခဲ့သည်။
ရှီကျင့်ဖျင်လာရောက်ပြီးနောက် ဘင်္ဂလားဒေ့ရှ်က တရုတ်နိုင်ငံမှ ရေငုပ်သင်္ဘောနှစ်စီး ဝယ်ယူခဲ့ပြီး ရေငုပ်သင်္ဘောဆိပ်ကမ်းသစ်တစ်ခု တည်ဆောက်ပေးမည်ဟုကတိပြုခဲ့သည်။
မကြာသေးမီကလည်းဘင်္ဂလားဒေ့ရှ်သည် မြန်မာနိုင်ငံအနီးတွင် လေတပ်စခန်းသစ်တစ်ခုတည်ဆောက်ခြင်း၊ တပ်စခန်းသစ်များ တိုးချဲ့ဖွင့်လှစ်ခြင်းနှင့်ရေတပ်အတွက် ဖရီးဂိတ်စစ်သင်္ဘောတစ်စီးထပ်မံဖြည့်တင်းခြင်း စသည့် ကာကွယ်ရေးစွမ်းဆောင်ရည်များကို မြှင့်တင်ခဲ့သည်။
အိမ်နီးချင်းမြန်မာ၊ အိန္ဒိယ တို့နှင့် ကာလရှည်အငြင်းပွါးနေသော ရေပိုင်နက် အငြင်းပွါးမှုကို နိုင်ငံတကာခုံရုံးတွင် ဖြေရှင်းပြီးနောက်ယခုအခါ ဘင်္ဂလားပင်လယ်အော်အတွင်းရေနံလာရောက်တူးဖော်ရန် နိုင်ငံတကာကုမ္ပဏီများကို ဖိတ်ခေါ်နေပြီဖြစ်သည်။
NN-27
ref: Dhaka Tribune