ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ဘုရင့်အမိန့်ဖြင့် ထိုင်းလွှတ်တော်ကို ဖျက်သိမ်း၊ လာမည့် မေလအတွင်း ရွေးကောက်ပွဲ ကျင်းပမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 956

နိရဉ္စရာ၊ မတ် ၂၁/၂၀၂၃

 

ထိုင်းဘုရင် မဟာဝိဇယ လောင်ကွန် က လက်ရှိ ထိုင်းလွှတ်တော်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း မတ်လ(၂၀)ရက်နေ့ ထုတ် ဘုရင့်ပြန်တမ်းတွင် ဖော်ပြထားရာ လာမည့်မေလအတွင်း ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲများ ကျင်းပတော့မည်ဖြစ်သည်။

 

မတ်လ(၁၇)ရက် နေ့စွဲဖြင့် ထုတ်ပြန်သော ဘုရင့်အမိန့်သည် မတ်လ(၂၀)ရက်မှ စတင်အာဏာ သက်ရောက်သည့်အတွက် ထိုနေ့မှစ၍ ထိုင်းနိုင်ငံတွင် လွှတ်တော် မရှိတော့ပေ။

 

ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဘုရင့်အမိန့်ဖြင့် လွှတ်တော်ဖျက်သိမ်းပြီး ၄၅ ရက်မှ ၆၀ ရက်အတွင်း ရွေးကောက်ပွဲ ကျင်းပရမည်ဖြစ်ရာ လာမည့် ရွေးကောက်ပွဲသည် မေလ ၄ ရက်မှ ၁၉ ရက်အတွင်း ဖြစ်နိုင်သည်ဟု ခန့်မှန်းကြသည်။

 

ရွေးကောက်ပွဲကျင်းပမည့်ရက် အတိအကျကို ရွေးကောက်ပွဲကော်မရှင်က ကြေညာပြီး ဘုရင့်ပြန်တမ်းတွင် ဖော်ပြမည်ဟု သိရသည်။

 

ပြီးခဲ့သည့်အပတ်က ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် လာမည့်မတ်လ(၂၃)ရက်တွင် ကုန်ဆုံးတော့မည့် အစိုးရအဖွဲ့၏ လေးနှစ်သက်တမ်း မကုန်ဆုံးမီ လွှတ်တော်ကိုဖျက်သိမ်းပေးရန် ဘုရင့်ထံ တင်ပြတောင်းဆိုခဲ့သည်။

 

ထိုင်းနိုင်ငံ၏ နောက်ဆုံးရွေးကောက်ပွဲကို ၂၀၁၉ခုနှစ် မတ်လ-၂၄ရက်က ကျင်းပခဲ့ပြီး ငါးနှစ်နီးပါးကြာ စစ်အစိုးရအုပ်ချုပ်မှုကို အဆုံးသတ်ကာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရအဖွဲ့ကို စတင် အကောင်အထည်ဖော်ခဲ့သည်။

 

စစ်အစိုးရခေါင်းဆောင် ပရာယွတ် ချန်အိုချာ က ပလန်း ပရာချာရတ် ပါတီမှ ဝင်ရောက်ရွေးချယ်ခံပြီး ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ ချန်အိုချာသည် ၂၀၁၄ခုနှစ်က ဝန်ကြီးချုပ် ယင်လပ် ရှင်နာဝါထရာ ၏ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို အာဏာသိမ်းဖြုတ်ချခဲ့သူဖြစ်သည်။

 

၂၀၁၉ ရွေးကောက်ပွဲတွင် စစ်အစိုးရလိုလားသည့် ပရာယွတ် ၏ ပလန်း ပရာချာရတ်ပါတီသည် အစိုးရဖွဲ့ရန် လုံလောက်သည့် အမတ်အရေအတွက် မရရှိခဲ့သော်လည်း စစ်အစိုးရ နှင့် ပရာယွတ် ကိုယ်တိုင်က စိတ်ကြိုက် ခန့်အပ်ထားသည့် အထက်လွှတ်တော် အမတ်(၂၅၀)၏ ထောက်ခံမှုဖြင့် ပရာယွတ် ဝန်ကြီးချုပ် ဖြစ်လာခဲသည်။

 

လက်ရှိ ထိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်ရွေးချယ်ရန် လွှတ်တော်တစ်ရပ်ရပ်က ဖြစ်စေ၊ အထက်-အောက် လွှတ်တော် နှစ်ရပ်စလုံးက ဖြစ်စေ ထက်ဝက်ကျော် ထောက်ခံမဲ ၃၇၆ မဲ ရရှိရန် လိုအပ်သည်။ ထိုင်းအထက်လွှတ်တော်အမတ် (၂၅၀) မှာ စစ်တပ် နှင့် ဘုရင်က စိတ်တိုင်းကျ ခန့်အပ်ထားသော အမတ်များဖြစ်ပြီး ရွေးချယ်ခံ မဟုတ်ကြပေ။

 

အောက်လွှတ်တော် အမတ် (၅၀၀)ကိုသာ မဲပေး ရွေးကောက်တင်မြှောက်ကြခြင်းဖြစ်သည်။ ထို့ကြောင့် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံမည့် ပရာယွတ်မှာ အောက်လွှတ်တော်တွင် လိုအပ်သော ကိုယ်စားလှယ်အရေအတွက် အနိုင်မရသော်လည်း အထက်လွှတ်တော်အမတ်များ၏ ထောက်ခံမှုဖြင့် အစိုးရအဖွဲ့ကို ဆက်လက်ဦးဆောင်ခွင့် ရခဲ့သည်။

 

စိတ်တိုင်းကျခန့်ထားသည့် အထက်လွှတ်တော် မိုးကျရွှေကိုယ် အမတ်များကြောင့် အနာဂတ် ထိုင်းဝန်ကြီးချုပ် ဖြစ်လာရန် အောက်လွှတ်တော်ရွေးကောက်ပွဲများ၌ လုံလောက်သော ကိုယ်စားလှယ်အရေအတွက် မရရှိလျှင်လည်း လွှတ်တော် နှစ်ရပ်ပေါင်း (၃၇၆)မဲ ရရှိလျှင် အစိုးရအဖွဲ့ကို ဦးဆောင်ခွင့်ရရှိနေသည့်အတွက် ထိုင်းနိုင်ငံရေးတွင် ( အထက်လွှတ်တော်အမတ်များနှင့် ပတ်သက်၍ ) ဝေဖန်မှုအများဆုံး ဖြစ်နေသည်။

NN- 27

ref:CAN

 

ဆက်စပ် သတင်းများ