စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ပေါက်တောမြို့နယ် ကြိမ်နီပြင် မွတ်ဆလင်ဒုက္ခသည်စခန်းမှ မီးဘေးဒုက္ခသည် ၃၀၀၀ ကျော်အတွက် အရေးပေါ်အကူအညီ လိုအပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 609

(မီးလောင်မှုမှာလင်မယားရန်ဖြစ်ရာကနေ စတင်လောင်ကျွမ်းခဲ့ခြင်းဟုဆို)


နိရဉ္စရာ၊ မေ ၈ / ၂၀၂၃

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ ကြိမ်နီပြင်မွတ်ဆလင်ဒုက္ခသည်စခန်းမှ မီးဘေးသင့်ဒုက္ခသည်များမှာ လက်ရှိတွင် အကူအညီများ အရေးတကြီး လိုအပ်လျက်ရှိသည်ဟု သိရသည်။

အဆိုပါစခန်းသည် ယမန်နေ့ မေလ ၇ ရက်၊ ညနေ ၅ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ စခန်းရှိ ၁၅ ပေ× ၁၀ ပေ ပတ်လည် လုံးချင်းအိမ် ၁၅၀ နှင့် ၈ ခန်းတွဲတန်းလျား ၃၅ လုံး မီးလောင်ပျက်စီးခဲ့ခြင်းဖြစ်သည်


ယင်းဖြစ်စဥ်ကြောင့် စခန်းရှိ အိမ်ထောင်စု ၅၃၀ မှ လူဦးရေ ၃၇၁၀ ဦးတို့မှာ အိုးမဲ့၊ အိမ်မဲ့ဘဝဖြင့် မီးဘေးဒုက္ခသည်ဖြစ်သွားကြရသည်။

မီးဘေးဒုက္ခတချို့မှာ အဆိုပါ မီးလောင်ကွင်းအနီးတွင် တာပေါ်လင်စများဖြင့် တဲထိုးကာနေထိုင်နေကြပြီး သူတို့ ဘဝပြန်လည်ထူထောင်ရေးအတွက် ကယ်ဆယ်ရေး အကူအညီများ အရေးတကြီး လိုအပ်နေသည်ဟု မီးဘေးသင့်မိသားစုတစ်စု၏ ဆွေမျိုးတော်စပ်သူ ကြိမ်နီပြင်ကျေးရွာမှ ဒေါ်ဝေနုဖြူက နိရဥ္စရာနှင့်တွေ့ဆုံစဥ် ပြောသည်။

"အကုန်လုံးက စိတ်ပျက်လက်ပျက်ဖြစ်နေကြတယ်။ စားစရာ၊ သောက်စရာတွေလည်းမရှိဘူး။ အလှူရှင်တွေဆီက ပေးတဲ့ဟာတွေကို မျှော်နေကြရတယ်" ဟု ပြောသည်။

လက်ရှိတွင် သူတို့အတွက် ၃ ရက်ခန့် စားရေး၊ သောက်ရေးကို မြို့နယ်အာဏာပိုင်များက ထောက်ပံ့ပေးထားသည်ဟု ပေါက်တောမြို့နယ် မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်ထွန်းက ပြောသည်။

"လက်ရှိအချိန်မှာ မီးဘေးဒုက္ခသည်တွေက နီးစပ်တဲ့ အိမ်တွေမှာ နေထိုင်ရတာမျိုးတွေ၊ ဆေးပေးခန်းတွေ၊ စာသင်ကျောင်းတွေ အဲလိုနေရာမျိုးတွေမှာ လတ်တလော တက်နေကြတယ်။ မြို့နယ်ကလည်း သူတို့ရဲ့ ၂ ရက်၊ ၃ ရက်စာအတွက် စားနပ်ရိက္ခတွေ ဆန်၊ ဆီ၊ ဆားတွေ ထောက်ပံ့ပေးထားတယ်" ဟု ပြောသည်။

အဆိုပါစခန်းတွင်နေထိုင်သည့် အီလီယာ (၂၇)နှစ်နှင့် ဇနီးဖြစ်သူ မအာရှု (၂၄) နှစ်တို့ ယမန်နေ့ညနေပိုင်းက ထမင်းချက်နေစဉ် စကားများရန်ဖြစ်ကြပြီး ခင်ပွန်းဖြစ်သူက အနီးရှိ သစ်သားတုတ်ဖြင့် ပစ်ပေါက်ရာ မီးဖိုတွင်ထိမှန်၍ မီးစများ လွင့်စင်ကာ အနီးရှိ ဝါးထရံနှင့် ဓာတ်ဆီဗူးအား မီးကူးစက်ရာမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု စခန်းတာဝန်ရှိသူများက ဆိုသည်။

မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရမှုမရှိသလို ဆုံးရှုံးမှုတန်ဖိုးအားလည်း လောလောဆယ်တွင် မသိရှိရသေးဟု ပေါက်တောမြို့နယ် မီးသတ်ဦးစီးမှူးက ပြောသည်။

အဆိုပါ ကြိမ်နီပြင်မွတ်ဆလင်ဒုက္ခသည်စခန်းတွင် လူဦးရေ ၇၀၀၀ ကျော်နေထိုင်လျက်ရှိပြီး ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ရခိုင်တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများဖြစ်ပြီးနောက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုစခန်းတွင် ၂၀၁၅ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့တွင်လည်း မီးလောင်မှုဖြစ်ပွားခဲ့ဖူးသည်ဟု စခန်းနေသူများက ပြောသည်။ (NN - 21)

 

ဓာတ်ပုံ - မီးလောင်မှုဖြစ်ခဲ့သည့် ကြိမ်နီပြင်မွတ်ဆလင်ဒုက္ခသည်စခန်းအား ယနေ့ မေလ ၈ ရက်၊ နေ့လယ်က တွေ့ရစဉ်။

ဆက်စပ် သတင်းများ