ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

တရုတ်ပြည်၏ နောက်ဆုံးဘုရင် ပုယီဝတ်ဆင်ခဲ့သည့် ပါတက်ဖိလစ်နာရီကို ကန်ဒေါ်လာ ၅ ဒဿမ ၁ သန်းဖြင့် လေလံတင်ရောင်းချခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 548

တရုတ်ပြည်၏ နောက်ဆုံးဧကရာဇ် ပုယီဝတ်ဆင်ခဲ့သည့် Patek Philippe နာရီတစ်လုံးကို အင်္ဂါနေ့က ဟောင်ကောင် လေလံပွဲ တစ်ခုတွင် လေလံတင်ရောင်းချခဲ့ရာ အမည်မဖော်လိုသူတစ်ဦးက အမေရိကန် ဒေါ်လာ ၅ ဒဿမ ၁သန်း( ဟောင်ကောင် ဒေါ်လာ ၄၀သန်း) ပေး၍ ဝယ်ယူသွားကြောင်း သိရသည်။

 

တရုတ်ပြည် ချင်မင်းဆက်၏ နောက်ဆုံးဘုရင် ပုယီ အကြောင်းကို The Last Emperor အမည်ဖြင့် ရုပ်ရှင်ရိုက်ကူးဖူးပြီး အကောင်းဆုံးဇာတ်ကားဆုအပါအဝင် အော်စကာဆုအများအပြား ရရှိခဲ့သည်။

 

 ဟောင်ကောင်လေလံရုံ Phillip Asia မှ သောမတ်စ် ပီရက်ဇီက ရောင်းခဲ့ဖူးသမျှ ဘုရင့် လက်ပတ်နာရီများထဲတွင် စျေးအများဆုံးရသည့်နာရီ ဟု ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

 

ယခုနာရီမှာ ရှစ်လုံးသာရှိသော Patek Philippe Reference 96 Quantieme Lune ထဲမှ တစ်လုံးဖြစ်ပြီး ဆိုဗီယက်ယူနီယံတွင် ထောင်သွင်းအကျဉ်းကျခံနေရစဉ် ပုယီက သူ၏ ရုရှားစကားပြန်ကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

 

လေလံအကြို စျေးနှုန်း ဒေါ်လာ ၃ သန်းသတ်မှတ်ခဲ့သော်လည်း အလွယ်တကူပင် စျေးနှုန်း မြင့်တက်သွားသည်ဟုဆိုသည်။

 

အခြားသော ဘုရင်များဝတ်ဆင်သည့် ပါတက် ဖိလစ်နာရီများ လေလံတင်ခဲ့ရာတွင် အီသီယိုပီးယားဘုရင် ဆီလက်စ်ဆီ ဝတ်ဆင်ခဲ့သောနာရီမှာ ၂၀၁၇ ခုနှစ်က ဒေါ်လာ၂.၉ သန်း ရခဲ့ဖူးသည်။

 

ဗီယက်နမ်နောက်ဆုံးဘုရင် Bao Dai ဝတ်ဆင်ခဲ့သော ရိုးလက်စ် နာရီမှာ ၂၀၁၇ ခုနှစ်က ဒေါ်လာ ၅ သန်း ရခဲ့သည်။

 

တရုတ်ပြည်၏ နောက်ဆုံးဧကရာဇ် ပုယီကို ၁၉၀၆ ခုနှစ်တွင် မွေးဖွားပြီး အသက်(၂)နှစ်တွင် ရင်ခွင်ပိုက်ဘုရင်အဖြစ် တရုတ်ထီးနန်းကို ဆက်ခံခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ဂျပန်တို့ စစ်ရှုံးပြီးနောက် ပုယီသည် တရုတ်ပြည် ရှန်ယန်းလေဆိပ်တွင် ဆိုဗီယက်တပ်နီတို့၏ ဖမ်းဆီးထိန်းသိမ်းခံရသည်။

 

စစ်အကျဉ်းသားအဖြစ် ရုရှားနိုင်ငံ၊ ခါဗာရော့ဗ် တွင် ငါးနှစ် ထိန်းသိမ်းခံခဲ့ရသည်။

 

 ဟောင်ကောင်လေလံရုံ၏ ပြောဆိုချက်အရ အဆိုပါနာရီ၏ သမိုင်းကြောင်းအမှန်ကို ခိုင်လုံမှုရှိရန် ကျွမ်းကျင်သူများ၊ သမိုင်းပညာရှင်များ၊ ဂျာနယ်လစ်များ၊ သပ္ပံပညာရှင်များနှင့် သုံးနှစ်ကြာ သုတေသနပြုခဲ့ရသည်ဟု ဆိုသည်။

 

ယခုနာရီမှာ ထိုစဉ်အချိန်က Patek က ထုတ်လုပ်ခဲ့သမျှတွင် လက်ရာအကောင်းဆုံးဟု လေလံဌာနမှ မစ္စတာ ပါဇရက်ဇီက ဆိုသည်။

 

 ၂၀၀၁ ခုနှစ်တွင် ပုယီ၏ ရုရှားစကားပြန် ဂျော်ဂီပါမြာကော့ဗ် အား တွေ့ဆုံမေးမြန်းခဲ့သူ သတင်းစာဆရာ ရပ်ဆဲလ်ဝပ်ကင်းက ယခုနာရီအား ပုယီက ပါမြာကော့ဗ်အား ဆိုဗီယက်မှ တရုတ်သို့ ပြန်ပို့မခံရမီ လက်ဆောင်အဖြစ် ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

 

NN- 27

Ref: Strait Times

ဆက်စပ် သတင်းများ