ထိုင်းနိုင်ငံ ဖီချစ် Phichit ပြည်နယ် Wat Noen Po ကျောင်းတွင် တနင်္လာနေ့ညနေပိုင်းက မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့်ကျောင်းသားလေးဦးအပါအဝင် လူခုနစ်ဦးသေဆုံးခဲ့ပြီးနောက် နိုင်ငံတဝှမ်းရှိ ကျောင်းအဆောက်အအုံများကိုစစ်ဆေးရန် ထိုင်းပညာရေးဝန်ကြီးဌာနကအမိန့်ထုတ်လိုက်သည်။
လေပြင်းတိုက်ခတ်ခြင်းနှင့်မိုးသည်းထန်စွာရွာသွန်းခြင်းတို့ကြောင့် ခေါင်မိုးများပြိုကျပြီး အောက်ဘက်ရှိအားကစားကွင်းများပေါ်တွင် ကစားနေသော ကျောင်းသားအများအပြားပေါ်သို့ ပြိုလဲကျိုးကျသွားခဲ့သည်။
အဆိုပါ မတော်တဆမှုကြောင့် ၇ ဦးသေဆုံးပြီးကျောင်းသား၁၅ ဦးနှင့် အုပ်ထိန်းသူ ၃ ဦး၊ စုစုပေါင်း ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိ၇သည်။
ထိခိုက်ဒဏ်ရာရသူများကိုဆမ်ငမ်း၊ ဝါချီရာဘရာမီနှင့် ဖိချိရှိ ဆေးရုံသုံးရုံတွင် ကုသပေးနေကြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Atthaphon Sangkhawasee ကပြောသည်။
မုန်တိုင်းကြောင့် ကျောင်းအားကစားရုံခေါင်မိုး ပြိုကျမှုဖြစ်ပွားပြီး ဒဏ်ရာရရှိသူများကို ထိုင်းဘုရင်က အခမဲ့ ဆေးကုသပေးမည်။
ထိုင်းဝန်ကြီးချုပ်ပရာယွတ် နှင့် အစိုးရတာဝန်ရှိသူများသည် မုန်တိုင်းကြောင့်အားကစားရုံပြိုကျခဲ့သော ဘန်နွန်းပို စာသင်ကျောင်းသို့ ဗုဒ္ဓဟူးနေ့ကသွားရောက်ကြည့်ရှုခဲ့ပြီး ဒဏ်ရာရရှိသူများအား ထိုင်းဘုရင်က အခမဲ့ဆေးကုသပေးမည် ဖြစ်ကြောင်း နှစ်သိမ့်စကား ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံဖီချစ်ပြည်နယ်တွင် မေလ(၂၂)ရက်နေ့က ရုတ်တရက်တိုက်ခတ်သွားသော မိုးသက်လေးပြင်းကြောင့် စာသင်ကျောင်းနှစ်ကျောင်း၊ ဘုန်းကြီးကျောင်းတစ်ကျောင်း၊ ကျေးရွာ(၁၆)ရွာ၊ နေအိမ် (၄၀၈)လုံး ပျက်စီးခဲ့သည်ဟု သိ၇သည်။
ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူအနူချာ ဘူရာပါချိုင်စရီက အများပြည်သူနှင့်သက်ဆိုင်သောအဆောက်အဦးများ ဆောက်လုပ်ရာတွင်ခိုင်ခံ့မှု ရှိမရှိဌာနဆိုင်ရာတာဝန်ရှိသူများ စစ်ဆေးရန် လိုကြောင်း နှင့် ထိုင်းမိုးလေ၀သဌာန၏သတိပေးထုတ်ပြန်ချက်များကို လိုက်နာရန် ပြောကြားခဲ့သည်။
Ref: Bangkok Post/ The Nation