တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

တိုင်တန် ရေငုပ်သင်္ဘောငယ် ရေအောက်၌ပေါက်ကွဲပျက်စီးသွားပြီး လိုက်ပါသွားသူ ငါးဦးစလုံးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 1.2k

နှစ်ပေါင်း ၁၀၀ ကျော် ရေအောက်တွင် နစ်မြုပ်နေသည့် နာမည်ကျော် တိုက်တန်းနစ် သင်္ဘောပျက်အား သွားရောက် လေ့လာကြည့်ရှုစဉ် ရေအောက်တွင် ပျောက်ဆုံးနေသည့် တိုင်တန် ရေငုပ်သင်္ဘောငယ်မှာ ပေါက်ကွဲပျက်စီးသွားပြီဟု နောက်ဆုံး သတင်းရရှိသည်။

ပေါက်ကွဲမှု ဘေးအန္တရာယ်ဆိုးနှင့် ကြုံတွေ့ရပြီးနောက် တိုင်တန်ရေငုပ်သင်္ဘော၏ အပိုင်းအစများကို ရှာဖွေတွေ့ရှိခဲ့ပြီး လိုက်ပါသွားသူ အားလုံး အသက်ဆုံးရှုံးသွားပြီဖြစ်ကြောင်း ဇွန်လ(၂၂)ရက် မွန်းလွဲပိုင်းတွင် အမေရိကန် ကမ်းခြေစောင့်တပ်က သတင်းထုတ်ပြန်သည်။

 

ကနေဒါ သင်္ဘောတစ်စီးပေါ်မှ ချပေးလိုက်သည့် စက်ရုပ် ရေငုပ်ယာဉ်ငယ်သည် ကြာသပတေးနေ့ နံနက်ပိုင်းက ပေါက်ကွဲပျက်စီးသွားသည့် တိုင်တန်ရေငုပ်သင်္ဘောငယ်၏ ပြန့်ကျဲနေ​သော အပျက်အစီး အပိုင်းအစများကို တိုက်တန်းနစ် သင်္ဘောပျက်ရှေ့ ပေ ၁၆၀၀ အကွာ၌ ရှာဖွေတွေ့ရှိခဲ့ကြောင်း အမေရိကန်ကမ်းခြေစောင့်တပ်မှ ရေတပ်ဗိုလ်ချုပ် ဂျွန် မော်ဂါက သတင်းထောက်များကို ပြောကြားခဲ့သည်။

 

အမေရိကန်အခြေစိုက် Ocean Gate Expedition ကုမ္ပဏီပိုင် ရေအောက်စူးစမ်းလေ့လာရေး တိုင်တန်ရေငုပ်သင်္ဘောသည် ပြီးခဲ့သည့် တနင်္ဂနွေ့က တိုက်တန်းနစ်သင်္ဘောပျက်အား ကြည့်ရှုရန် ရေအောက်ဆင်းသွားပြီး တစ်နာရီ ၄၅ မိနစ်အကြာတွင် အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်။

 

ရေအောက် ပြန့်ကျဲနေသည့် အပျက်အစီးများအနက် ရေငုပ်သင်္ဘောငယ်၏ အဓိက အစိတ်အပိုင်း လေးခုနှင့် နောက်မြီးပိုင်းအပါအဝင် အတွင်းပိုင်း နှစ်ခုကိုပါ တွေ့ရှိခဲ့သည်ဟု ကမ်းခြေစောင့်တပ်မှ အရာရှိများက ပြောကြားသည်။

 

လူ့ခန္ဓာကိုယ်အစိတ်အပိုင်းများ တွေ့ရှိခြင်းရှိမရှိကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။

 

 အပျက်အစီးတွေ ပြန့်ကျဲနေတဲ့ အကျယ်အဝန်းကိုကြည့်ပြီး ရေငုပ်သင်္ဘောဟာ ဘေးအန္တရာယ် ကျရောက်ပြီး ပေါက်ကွဲသွားတယ်လို့ ဆိုနိုင်ပါတယ်ရေတပ်ဗိုလ်ချုပ် မော်ဂါ ကပြောကြားသည်။


အမေရိကန် ကမ်းခြေစောင့်တပ်က သတင်းစာရှင်းလင်းပွဲ မပြုလုပ်မီအချိန်ကလေးမှာပင် Ocean Gate ကုမ္ပဏီက ကုမ္ပဏီထူထောင်ထူ နှင့် စီအီးအို စတော့တန် ရပ်ရှ် အပါအဝင် လိုက်ပါသွားသူအားလုံး သေဆုံးသွားပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

 

 ရေငုပ်သင်္ဘောငယ် ပေါ်တွင် ဗြိတိသျှဘီလျံနာသူဌေးကြီး နှင့် စူးစမ်းလေ့လာသူ ဟာမစ် ဟားဒင်း (၅၈)နှစ်၊ ပါကစ္စတန်ဖွား စီးပွါးရေးလုပ်ငန်းရှင် ဒါဝတ်(၄၈)နှစ်၊ သူ၏ သား (၁၉)နှစ်အရွယ် ဆူလေမန် နှင့် ပြင်သစ်ရေအောက်ဓါတ်ပုံပညာရှင်နှင့် နာမည်ကျော် တိုက်တန်းနစ် ကျွမ်းကျင်သူ ပေါလ် ဟင်နရီ နာဂျီယိုလက်(၇၇)နှစ်တို့ လိုက်ပါသွားခဲ့သည်။

 

NN-27

ref: AFP/ CNA

Photo by New York Post

 

ဆက်စပ် သတင်းများ