တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

စမ်းသပ်ပစ်လွှတ်စဉ် ဂျပန်အာကာသအေဂျင်စီ​၏ ဒုံးပျံအင်ဂျင် ပေါက်ကွဲပျက်စီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 705

သောကြာနေ့က စမ်းသပ်ပစ်လွှတ်ခဲ့သည့် ဂျပန်အာကာသ အေဂျင်စီ​​၏ ဒုံးပျံစမ်းသပ်ပစ်လွှတ်မှုမှာ အောင်မြင်မှုမရဘဲ ဒုံးပျံအင်ဂျင်ပေါက်ကွဲပြီး ပျက်စီးသွားကြောင်းနှင့် ဒဏ်ရာရသူမရှိကြောင်း ဂျပန်နိုင်ငံ ပညာရေး၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန​၏ အရာရှိတစ်ဦးက ပြောကြားသည်။

ဂျပန်နိုင်ငံ​၏ ဒုံးပျံစမ်းသပ်စခန်း၌ ဂျပန်အာကာသ စူးစမ်းလေ့လာရေး အေဂျင်စီ (JAXA) ​၏ (Epsilon S) အက်စီလွန် အက်စ် အင်ဂျင်ပေါက်ကွဲမှုမှာ ယခု ပထမအကြိမ်မဟုတ်ဘဲ ယခင်စမ်းသပ် ပစ်လွှတ်မှုများမှာလည်း ပေါက်ကွဲပျက်စီးမှုနှင့် ကြုံတွေ့ခဲ့ရသဖြင့် ဂျပန်နိုင်ငံ​၏ အာကာသ မျှော်မှန်းချက်ကို များစွာထိခိုက်မှေးမှိန်စေခဲ့သည်။

ပေါက်ကွဲမှုမှာ စမ်းသပ်ပစ်လွှတ်ပြီး တစ်မိနစ်အကြာတွင် ဖြစ်ပေါ်ခဲ့ပြီး ဒုတိယအဆင့် အင်ဂျင် ပေါက်ကွဲသွားခြင်းဖြစ်သည်ဟု အဆိုပါအရာရှိက ပြောကြားသည်။


ရုပ်သံသတင်းဖော်ပြချက်တွင် ပေါက်ကွဲစဉ် ထွက်ပေါ်လာသော မီးတောက်ကြီးနှင့်အတူ အဆောက်အဦငယ်တစ်ခု မီးလောင်ပြီး အမိုးများ လွင့်ထွက်သွားပုံကို မြင်တွေ့ခဲ့ရသည်။

ပြီးခဲ့သည့် မတ်လကလည်း ဂျပန်အာကာသ စူးစမ်းလေ့လာရေးအေဂျင်စီ JAXA ​၏ H3 ဒုံးပျံမှာ ဒုတိယဆင့် အင်ဂျင်အလုပ်မလုပ်သဖြင့် စမ်းသပ်လွှတ်တင်ပြီး မကြာမီ ဖောက်ခွဲဖျက်ဆီးပစ်ခဲ့ရသည်။

ထိုမတိုင်မီ အောက်တိုဘာလက လောင်စာခဲသုံး Epsilon 6 ဒုံးပျံပစ်လွှတ်မှုမှာ အောင်မြင်မှု မရခဲ့ပေ။ ပြီးခဲ့သည့် ဧပြီလကလည်း ပုဂ္ဂလိက ကုမ္ပဏီတစ်ခု​၏ လပေါ် ငြင်သာစွာ ဆင်းသက်ရေး ပထမအကြိမ် ကြိုးပမ်းမှုအဖြစ် လကမ္ဘာသယ်ယူပို့ဆောင်ရေး စမ်းသပ်မှုအစီအစဉ် ispace ​ ၏ Hakuto-R အာကာသယာဉ်ငယ်မှာ လကမ္ဘာမျက်နှာပြင်ပေါ်အရောက် ပျက်ကျသွားခဲ့သည်။


NN-27

ref: bdnews

Photo: The Japan Times

ဆက်စပ် သတင်းများ