(အထက်လွှတ်တော်အမတ်အချို့ကိုစည်းရုံးထားဟုဆို)
ပထမအကြိမ်လွှတ်တော်မဲပေးမှုတွင် ရှုံးနိမ့်ခဲ့သော ထိုင်းရွေးကောက်ပွဲ အနိုင်ရMFP ပါတီ ခေါင်းဆောင် ပီတ လင်ဂျာရွန်ရတ်က ဇူလိုင် ၁၉ ရက် ဗုဒ္ဓဟူးနေ့တွင် လွှတ်တော်တွင်း ဒုတိယအကြိမ် ဝန်ကြီးချုပ်လောင်းအဖြစ် ထပ်မံ ရွေးချယ်ခံသွားမည်ဖြစ်ပြီး မဲပေးရွေးချယ်မှုမတိုင်မီ မိမိ၏ သဘောထားများကိုအထက်လွှတ်တော်အမတ်အချို့အားရှင်းပြစည်းရုံးထားပြီဟု ဆိုသည်။
ပြီးခဲ့သည့်ဇူလိုင်(၁၃)ရက်နေ့က ထိုင်းဝန်ကြီးချုပ်နေရာအတွက် လွှတ်တော်တွင်းမဲပေးရွေးချယ်မှုပြုလုပ်ခဲ့ရာတွင် အနိုင်ရပါတီခေါင်းဆောင် ပီတမှာ လိုအပ်သည့် မဲအရေအတွက် မရရှိဘဲ ရှုံးနိမ့်ခဲ့သည်။
လွှတ်တော်နှစ်ရပ်ပေါင်း၃၇၆ မဲ ရရှိလျှင် အနိုင်ရရှိမည်ဖြစ်သော်လည်း စုစုပေါင်း၃၂၂ သာ ရရှိခဲ့ပြီး ၅၁ မဲ လိုအပ်ခဲ့သည်။ ထိုင်းစစ်တပ်က ခန့်အပ်ထားသည့်အထက်လွှတ်တော်တွင် အမတ် ၂၅၀ ရှိသော်လည်း ထောက်ခံမဲ ၁၃ မဲသာ ရရှိခဲ့သည်။
ပထမအကြိမ်ကြိုးပမ်းမှု မအောင်မမြင် ဖြစ်ခဲ့၇သော်လည်း ဝန်ကြီးချုပ်လောင်း ပီတက လက်မလျှော့သေးဘဲ လာမည့် ဇူလိုင်(၁၉)၊ ဗုဒ္ဓဟူးနေ့ လွှတ်တော်အစည်းအဝေးတွင် ထပ်မံ ရွေးချယ်ခံမည်ဖြစ်ပြီး ပထမအကြိမ်တွင်မဲမပေးဘဲ နေခဲ့သည့် အထက်လွှတ်တော် အမတ်များကိုလည်း မိမိ၏ သဘောထား နှင့်ဆန္ဒများကို တစ်ဦးချင်းသဘောပေါက်အောင်ရှင်းပြစည်းရုံးထားပြီဟု ဆိုသည်။
ပီတကရှစ်ပါတီညွန့်ပေါင်းအဖွဲ့သည် သူ၏ ဒုတိယအကြိမ်ကြိုးပမ်းမှုကို သဘောတူ ထောက်ခံအားပေးကြကြောင်း၊ ပထမအကြိမ် မဲပေးစဉ်ကအကြောင်းအမျိုးမျိုးနှင့် ပျက်ကွက်နေသောအမတ်အချို့ရှိခဲ့ကြောင်း၊ မိမိအား ထောက်ခံမှု ရရှိလာအောင် ပြောဆိုစည်းရုံးထားပြီဖြစ်ကြောင်းပြောကြားခဲ့သည်။
ထိုအတောအတွင်းထိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသည် ပီတ၏ လွှတ်တော်အမတ်အဖြစ်ရွေးချယ်ခံမှု အထမြောက် မမြောက် ဆုံးဖြတ်ချက်တစ်ရပ်ကို ဗုဒ္ဓဟူးနေ့တွင်ပြုလုပ်မည်ဟုဆိုသည်။
ပီတသည် iTV မီဒီယာကုမ္ပဏီတွင် ရှယ်ယာများပိုင်ဆိုင်ထားသည့်အတွက် ဥပဒေအရ လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံပိုင်မရှိဟုဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ပီတက ရှယ်ယာများသည် သူ၏ပိုင်ဆိုင်မှုများမဟုတ်ဘဲ ဖခင်ထံမှ အမွေ၇ခဲ့ခြင်းသာဖြစ်သလို iTV မီဒီယာမှာ၂၀၀၇ ခုနှစ်ကတည်းက ထုတ်လွှင့်မှု ရပ်ဆိုင်းသွားပြီဟု ဆိုသည်။
လွှတ်တော်တွင်းဒုတိယအကြိမ် ဝန်ကြီးချုပ်နေရာရွေးချယ်မှု နှင့် အခြေခံဥပဒေခုံရုံးကပီတအား လွှတ်တော်အမတ် ယှဉ်ပြိုင်ခွင့် ရှိမရှိ အဆုံးအဖြတ်ပေးမှုမှာဗုဒ္ဓဟူးနေ့ တစ်ရက်တည်းဖြစ်၍ တိုက်ဆိုင်နေသည်ဟု ဆို၇မည်။
သို့သော်ခုံရုံးအဆုံးအဖြတ်မှာ ပီတ၏ ဝန်ကြီးချုပ်နေရာ ရွေးချယ်ခံမှုအပေါ်သက်ရောက်မှု မရှိဟု ဆိုသည်။
ထိုင်းအခြေခံဥပဒေခုံရုံးသည်ပီတ၏ လွှတ်တော်အမတ်အရည်အချင်းကိစ္စသာမက Move Forward ပါတီ၏စည်းရုံးရေးကာလအတွင်း တော်ဝင် အသရေဖျက်မှု ဥပဒေ ကို ပြင်ဆင်မည်ဟုကတိပြုခဲ့မှု အပေါ် "စည်းမျဉ်းခံ ဘုရင်စနစ်" ကို ဖြိုဖျက်ပစ်ရန်ကြံစည်မှုဟုတ်မဟုတ် ကိုလည်း ကြားနာမည်ဟု ဆိုသည်။
ယခုကဲသို့ရွေးကောက်ပွဲအနိုင်၇ ပါတီခေါင်းဆောင်တစ်ဦးအား ဝန်ကြီးချုပ်ဖြစ်မလာအောင်ဟန့်တားနေမှုများကြောင့် ပီတအား ထောက်ခံမဲပေးခဲ့ကြသည့်ထိုင်းပြည်သူအချို့ စိတ်ပျက်နေကြပြီး ဘန်ကောက်မြို့ပေါ်တွင်ဆန္ဒဖော်ထုတ်ပွဲများလည်း ဖြစ်ပေါ်ခဲ့သည်။
" ကျွန်တော်ဖြစ်စေချင်တာကတော့ အထက်လွှတ်တော်အမတ်တွေအနေနဲ့ ကျွန်တော်တို့ရဲ့မဲဆန္ဒကို လေးစားဖို့ပါ" ဟု ဘန်ကောက်ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူအရောင်းဈေးသည်တစ်ဦး၏ ပြောကြားချက်ကို အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။
"ဒီအချိန်မှာမှ ကျွန်တော်တို့ရဲ့ ဆန္ဒကို ထုတ်မပြောရင် နောက်ဆိုအသံတိတ်သွားတော့မှာပါ" ဟု သူက ဆိုသည်။
NN-27
ref: AFP/ can