(ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံခွင့်ရရှိသွားသော်လည်းပီတ ဝန်ကြီးချုပ်ဖြစ်ရန် အခွင့်အရေး မရှိသလောက်ဖြစ် )
ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသည်ဗုဒ္ဓဟူးနေ့က ပီတအပေါ် ဝန်ကြီးချုပ်လောင်းအဖြစ်ရွေးချယ်ခွင့် တားမြစ်ခဲ့သည့် အမှုကို လက်မခံဘဲ ပယ်ချခဲ့သည့်အတွက်MFP ပါတီခေါင်းဆောင်ပီတအနေဖြင့် ဝန်ကြီးချုပ်ရွေးချယ်ခံခွင့်ပြန်လည်ရရှိသွားခဲ့ပြီဖြစ်သည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဟာပီတအပေါ် စွဲဆိုထားတဲ့အမှုကို လက်မခံဖို့ တစ်ညီတညွတ်တည်းသဘောတူခဲ့ကြပါတယ်” ဟု ခုံရုံး၏ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့်လွှတ်တော်ဥက္ကဌ မူဟာမက် နူး မာသာ က လာမည့် ဩဂုတ်လ(၂၂)ရက်တွင်လွှတ်တော်တွင်းဝန်ကြီးချုပ်ရွေးချယ်ရေး မဲပေးပွဲ ထပ်မံပြုလုပ်မည်ဟု ကြေညာလိုက်သည်။
ထိုင်းနိုင်ငံ၏ပြီးခဲ့သည့် မေလရွေးကောက်ပွဲတွင် ပီတ ဦးဆောင်သည့် MFP ပါတီက အမတ်ဦးရေ အများဆုံးဖြင့်အနိုင်ရခဲ့သော်လည်း ဝန်ကြီးချုပ်အဖြစ် လွှတ်တော်တွင်းမဲပေးရွေးချယ်ရာတွင် အထက်လွှတ်တော်အမတ်များ၏ ထောက်ခံမဲ မရရှိသဖြင့်ပီတ အရေးနိမ့်ခဲ့သည်။
နောက်တစ်ကြိမ်ထပ်မံရွေးချယ်ခံရန် ကြိုးပမ်းစဉ် လွှတ်တော်ကိုယ်စားလှယ်အရည်အချင်းမပြည့်မီဟု ဆိုကာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၏ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းခဲ့၇သည်။
ထိုအတောအတွင်းဒုတိယအမတ်အများဆုံးအနိုင်၇ ဖွေ့ထိုင်းပါတီက MFP ပါတီအား(၈)ပါတီ ညွန့်ပေါင်းအဖွဲ့မှဖယ်ရှားပြီး သီးခြားညွန့်ပေါင်းအဖွဲ့တစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။
ဖွေ့ထိုင်းပါတီကထပ်မံဖွဲ့စည်းသည့် ညွန့်ပေါင်းအဖွဲ့တွင် ဝန်ကြီးချုပ် ပရာရွတ်နှင့် စစ်တပ်ဘက် ထောက်ခံသော ဘွန်ဂျိုင်ထိုင်းပါတီလည်း ပါဝင်လာသည်။ ဘွန်ဂျိုင်ထိုင်းပါတီသည် ၂၀၁၉ ခုနှစ်က ဆေးခြေက်တရားဝင်ပြုရေးအဆိုကို လွှတ်တော်တွင် တင်သွင်းခဲ့သဖြင့် ထင်ရှားသောပါတီဖြစ်သည်။
ဝန်ကြီးချုပ်ဟောင်းသက်ဆင် ဩဇာလွှမ်းမိုးမှုရှိ သည့်ဖွေ့ထိုင်းပါတီသည် စီးပွါးရေးလုပ်ငန်းရှင် ဆရက်ထာ ထာဗီဆင် ကို ဝန်ကြီးချုပ်လောင်းအဖြစ် တင်သွင်းကာ အစိုးရဖွဲ့ရန်ကြိုးစားလျှက်ရှိသည်။
ဖွေ့ထိုင်းပါတီသည်ထပ်မံပူးပေါင်းလာသည့် ဘွန်ဂျိုင်ထိုင်းပါတီနှင့်အတူ အထက်လွှတ်တော် အမတ်များ၏ ထောက်ခံမှုဖြင့်ဝန်ကြီးချုပ်သစ် ရွေးချယ်ကာ အစိုးရဖွဲ့နိုင်မည်ဟုယုံကြည်လျှက်ရှိသည်။ ပြည်ပရောက်ဝန်ကြီးချုပ်ဟောင်း သက်ဆင်(၇၄)နှစ်ကလည်း လာမည့် အပတ်များအတွင်း ထိုင်းနိုင်ငံသို့ ပြန်လာမည်ဟု ပြောဆိုလျှက်ရှိသည်။
ရွေးကောက်ပွဲအနိုင်ရ MFP ပါတီခေါင်းဆောင် ပီတ အနေဖြင့် အခြေခံဥပဒေခုံရုံးက သူ၏အမှုကို လက်မခံဘဲ ပယ်ချလိုက်သည့်အတွက် လွှတ်တော်တွင် ဝန်ကြီးချုပ်လောင်းအဖြစ် ထပ်မံရွေးချယ်ခံခွင့် ရရှိလာသော်လည်း ညွန့်ပေါင်းအဖွဲ့မှ ဖွေ့ထိုင်းပါတီ ခွဲထွက်သွားခြင်းနှင့်အတူစစ်တပ်က ခန့်ထားသည့် အထက်လွှတ်အမတ်များ၏ထောက်ခံမှု မရနိုင်သည့်အတွက် ဝန်ကြီးချုပ်ဖြစ်ရန်အလားအလာ မရှိသလောက်ဖြစ်နေသည်။
NN-27
ref: Bangkok Post