ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

တာလီဘန်တို့ သိမ်းပိုက်အုပ်ချုပ်ချိန်မှစ၍ အာဖဂန်နစ္စတန်တွင် အသတ်ခံရသူ အစိုးရအဖွဲ့ဝင်ဟောင်း၂၀၀ ကျော်ရှိပြီဟု ကုလအစီရင်ခံစာတွင်ဖော်ပြ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 420

 အာဖဂန်နစ္စတန်တွင် ၂၀၂၁ခုနှစ်၊ ဩဂုတ်လ တာလီဘန်တို့ အာဏာသိမ်းပိုက် အုပ်ချုပ်လိုက်ချိန်မှ စ၍ အသတ်ခံရသူ အစိုးရအဖွဲ့ဝင်ဟောင်း ၂၀၀ကျော်ရှိပြီဟု ကုလသမဂ္ဂမစ်ရှင်တစ်ခု၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

အာဏာသိမ်းပြီးနောက် တာလီဘန်အစိုးရက ယခင်အစိုးရအဖွဲ့ဝင်ဟောင်းများကို အထွေထွေ လွတ်ငြိမ်းခွင့်ပေးခဲ့သော်လည်း ၎င်းတို့  ပေးထားသည့်လွတ်ငြိမ်းခွင့်ကို လိုက်နာမှုမရှိဘဲ ယခုကဲ့သို့ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

 

အသတ်ခံရသူများထဲတွင် စစ်ဘက်အရာရှိဟောင်းများ၊ တရားရေးဝန်ထမ်းများ နှင့် အစိုးရအရာရှိများပါဝင်သည်။

 

အာဖဂန်ဆိုင်ရာ ကုလသမဂ္ဂ အထောက်အကူပြုမစ်ရှင်၏ အစီရင်ခံစာအရ ၂၀၂၁ နှစ်ဝက်ကာလမှ ယခု ၂၀၂၃ ဇွန်လအထိ တရားစီရင်မှုမဲ့ သတ်ဖြတ်မှုပေါင်း ၂၁၈ မှု တာလီဘန်တို့ ကျူးလွန်ခဲ့သည်ဟု ဆိုသည်။

 

“ ဖြစ်ရပ်အများအပြားတွင် လူတစ်ဦးချင်းစီအား ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းကာ သိပ်မကြာခင် သတ်ပစ်လိုက်ကြသည်” ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။

 

တာလီဘန်ထိပ်တန်းခေါင်းဆောင်များကမူ ယခင်အစိုးရအရာရှိများ၊ စစ်ဘက်အရာရှိများကို လွတ်ငြိမ်းခွင့်ပေးရန် လမ်းညွှန်ထားသည်ဟု ဆိုသည်။

 

တာလီဘန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ယခုအစီရင်ခံစာပါ ဖြစ်ရပ်များကို မသိရှိကြောင်း နှင့် ဥပဒေနှင့်မညီသော စီရင်ချက်များ မရှိကြောင်း ငြင်းဆန်ထားသည်။

 

သတ်ဖြတ်ခံရမှုအားလုံး၏ ထက်ဝက်ခန့်မှာ ၂၀၂၁ ဩဂုတ်လ အမေရိကန်တပ်များ ရုပ်သိမ်းသွားပြီး တာလီဘန်တို့ စတင်ထိန်းချုပ်စဉ် ပထမလေးလအတွင်း ပေါ်ပေါက်ခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

NN-27

ref:the daily star

ဆက်စပ် သတင်းများ