ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

ကမ္ဘာ့ဖလားဆုပေးပွဲအခမ်းအနားတွင် သူမ၏နှုတ်ခမ်းအား အလိုမတူဘဲ နမ်းခဲ့သည့် စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌကို ရာထူးမှ နှုတ်ထွက်ပေးရန် အမျိုးသမီးအသင်းခေါင်းဆောင် ဂျင်းနီ တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 512

ပြီးခဲ့သည့် ကမ္ဘာ့ဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားတွင် သူမ၏ နှုတ်ခမ်းကို အလိုမတူဘဲ နမ်းခဲ့သည့် စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ လူးအစ် ရူဘီယာလက်စ် အား ရာထူးမှ နှုတ်ထွက်ပေးရန် အသင်းခေါင်းဆောင် ဂျင်းနီ ဟာမိုဆိုက တောင်းဆိုလိုက်ပြီး ၄င်းအား မဖယ်ရှားသရွေ့ စပိန်လက်ရွေးစင်အသင်းတွင် ပါဝင်ကစားတော့မည်မဟုတ်ကြောင်း အမျိုးသမီးကစားသမား ၈၁ ဦးကလည်း တောင်းဆိုလိုက်သည်။

ဆစ်ဒနီမြို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် စပိန်အမျိုးသမီးအသင်းက အင်္ဂလန်အမျိုးသမီးအသင်းကို (၁-၀)ဖြင့် အနိုင်ရခဲ့ပြီးနောက် ဆုပေးပွဲအခမ်းအနားကျင်းပစဉ် စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရူဘီယာလက်စ်က အမျိုးသမီး အသင်းခေါင်းဆောင် ဂျင်းနီ ဟာမိုဆို၏ နှုတ်ခမ်းအား ရည်ရွယ်ချက်ရှိရှိ အတန်ကြာအောင် နမ်းခဲ့ခြင်းဖြစ်သည်။

စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ရူဘီယာလက်စ်က ယခုဖြစ်ရပ်နှင့်ပတ်သက်၍ ရာထူးမှ နှုတ်ထွက်ရန် ငြင်းဆန်ထားသည်။

အသက် ၄၆ အရွယ်ရှိ ဥက္ကဋ္ဌ ရူဘီယာလက်စ်အား အရေးယူရန် စပိန်အစိုးရက ဥပဒေကြောင်းအရ ဆောင်ရွက်နေသလို ဖီဖာစည်းကမ်းထိန်းသိမ်းရေး ကော်မတီကလည်း အရေးယူရန် ပြင်ဆင်လျှက်ရှိသည်။

စပိန်ဘောလုံးအဖွဲ့ချုပ်က ပြုလုပ်မည့် အရေးပေါ်အထူးအစည်းအဝေးတွင် ရူဘီယာလက်စ် နှုတ်ထွက်လိမ့်မည်ဟု မျှော်လင့်ရသော်လည်း ယခုတိုင် နှုတ်ထွက်ရန် ငြင်းဆန်နေဆဲဖြစ်ပြီး “ နှုတ်ထွက်ပေးဖို့ မထိုက်တန် “ ဟု ဆိုနေသည်။


ရူဘီယာလက်စ်က “ ကျနော့်ကို ပထမဆုံးကိုင်မြှောက်တာ ဂျင်းနီပါ။ ကျနော်က ပင်နယ်တီကိုမေ့လိုက်၊ နည်းနည်းနမ်းလို့ရမလားမေးတော့ သူက အိုကေတဲ့” “ ဒါက ရုတ်တရက်ဖြစ်သွားတဲ့ အနမ်းပါ။ နှစ်ဦးသဘောတူနမ်းတဲ့ အနမ်းပါ” ဟု ပြောကြားခဲ့သည်။

သို့သော် အသင်းခေါင်းဆောင် ဂျင်းနီဟာမိုဆိုက “ ရူဘီယာလက်စ် ပြောသလို သူနဲ့ စကားပြောဆိုခြင်း လုံးဝမရှိခဲ့သလို သူ့ရဲ့အနမ်းကိုလည်း ကျမက သဘောမတူပါဘူး” ဟု ဆိုရှယ်မီဒီယာပေါ်တွင် ရှည်လျားစွာ ရှင်းလင်းရေးသားခဲ့သည်။

ရူဘီယာလက်စ် ပြောဆိုသမျှသည် မဟုတ်မမှန်စကားများ ဖြစ်ပြီး ယင်းမှာ ဘောလုံးအဖွဲ့ချုပ်မှ လူများ၏ စရိုက်ဖြစ်သည်ဟု ဂျင်းနီက ဆိုသည်။

ဗိုလ်လုပွဲတွင် စပိန်အသင်းအား ရှုံးနိမ့်ခဲ့သည့် အင်္ဂလန်အသင်းကလည်း ရူဘီယာလက်စ်၏ လုပ်ရပ်ကို “ လုံးဝ လက်ခံနိုင်စရာ မရှိ” ဟု ထုတ်ပြန်ကြေညာခဲ့ သည်။

“ သူတို့အပြုအမူကို လူတွေမသိဘူးလို့ ထင်နေတဲ့သူတွေရဲ့ လုပ်ရပ်ကို သည်းခံစရာ မလိုသလို သူတို့ကို အရေးယူဖို့လည်း လိုပါတယ်။ ဂျင်းနီ ဟာမိုဆိုနဲ့အတူ အင်္ဂလန်အသင်း ရပ်တည်ပါတယ်” ဟု ဖော်ပြထားသည်။

လက်ရှိစပိန်အမျိုးသမီးအသင်းသား ၂၃ ဦးအပါအဝင် ကစားသမား ၈၀ ကျော်ကလည်း လက်ရှိဥက္ကဌကို မဖယ်ရှားသရွေ့ စပိန်အသင်းတွင် ပါဝင်ကစားတော့မည်မဟုတ်ဟု ကြေညာခဲ့သည်။  NN-27

ref:BBCWorld

ဆက်စပ် သတင်းများ