လာမည့်အပတ်အတွင်းအိန္ဒိယနိုင်ငံတွင် ကျင်းပမည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးသို့တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်မည်မဟုတ်ဘဲ ၄င်းအစား ဝန်ကြီးချုပ်လီကျန်းသာ တက်ရောက်လိမ့်မည်ဟု တရုတ်နိုင်ငံရှိ အိန္ဒိယသံတမန်တစ်ဦးကပြောကြားသည်။
G20 နိုင်ငံများ ထိပ်သီးအစည်းအဝေးကို လာမည့်စက်တင်ဘာ(၉)ရက်နှင့် (၁၀)ရက်နေ့များတွင် အိန္ဒိယနိုင်ငံ၊နယူးဒေလီမြို့၌ ကျင်းပပြုလုပ်မည်ဟု သိ၇သည်
အဆိုပါထိပ်သီးအစည်းအဝေးကိုအမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် တက်ရောက်မည်ဖြစ်ပြီးသမ္မတ ရှီကျင့်ဖျင် တက်ရောက်လာမည်ဆိုပါက အမေရိကန် နှင့်တရုတ် နှစ်နိုင်ငံခေါင်းဆောင်များ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးနိုင်မည်ဖြစ်ပြီးနှစ်နိုင်ငံအကြားဖြစ်ပေါ်နေသော ကုန်သွယ်ရေးနှင့် ပထဝီနိုင်ငံရေး တင်းမာမှုများကို ဖြေလျှော့နိုင်မည်ဟု မျှော်လင့်နေကြသည်။
ရှီကျင့်ဖျင် နှင့်ဘိုင်ဒင်တို့သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက အင်ဒိုနီးရှားနိုင်ငံဘာလီတွင်ကျင်းပသည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေး၌ နောက်ဆုံးတွေ့ဆုံခဲ့ကြသည်။
ရုရှားသမ္မတပူတင်ကလည်း အဆိုပါအစည်းအဝေးသို့ တက်ရောက်မည်မဟုတ်ကြောင်း ကြေညာထားပြီး၄င်းအစား နိုင်ငံခြားရေးဝန်ကြီး ဆာဂီ လာဗရော့ဗ် တက်ရောက်မည်ဟု ဆိုသည်။
တတိယသက်တမ်းတာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ပြည်ပခရီးစဉ်များသွားလေ့မရှိတော့ပေ။
သို့သော်ပြီးခဲ့သည့်အပတ်က တောင်အာဖရိကနိုင်ငံတွင်ကျင်းပခဲ့သည့် BRICS စီးပွါးရေးဖွံ့ဖြိုးလာသည့်နိုင်ငံကြီးများ၏ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
BRICS တွင်ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ် နှင့် တောင်အာဖရိကနိုင်ငံများပါဝင်သည်။ အဆိုပါထိပ်သီးအစည်းအဝေးတွင် တရုတ်သမ္မတရှီကျင့်ဖျင် နှင့် အိန္ဒိယဝန်ကြီးချုပ်မိုဒီတို့ တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံနယ်စပ်ရေးရာပြဿနာများကိုဆွေးနွေးခဲ့ကြသည်ဟု သိရှိ၇သည်။
NN-27
Ref:CAN