အင်္ဂါ၊ ဧပြီလ ၃၀ရက်၊ ၂၀၂၄

အာဆီယံထိပ်သီးအစည်းအဝေး အင်ဒိုနီးရှားတွင် စတင်ကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1k

မြန်မာပြဿနာပြေလည်မှုမရှိလျှင် အရှေ့တီမောက အာဆီယံအဖွဲ့သို့ ဝင်ရောက်မည်မဟုတ်ဟု ဆို

၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် စက်တင်ဘာ(၅)ရက်မှ (၇)ရက်နေ့အထိ စတင်ကျင်းပနေပြီဖြစ်သည်။

 

ယခုကျင်းပမည့် ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံရေး အကျပ်အတည်းနှင့် တရုတ်မြေပုံသစ် ဂယက်ကြောင့် ဖြစ်ပေါ်လာသည့် တောင်တရုတ်ပင်လယ်အရေးကိစ္စများ အဓိက ဆွေးနွေးကြမည်ဟု သိရသည်။

 

ဂျာကာတာမြို့တွင် ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံမှအပ အာဆီယံနိုင်ငံအားလုံးမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

 

အလားတူ အာဆီယံ အပေါင်း သုံးနိုင်ငံဆက်စပ်အစည်းအဝေးနှင့် အရှေ့အာရှထိပ်သီးအစည်းအဝေးများကိုလည်း တစ်ဆက်တည်း ကျင်းပမည်ဟု သိရသည်။

 

ယခုနှစ် အာဆီယံထိပ်သီးအစည်းအဝေးသို့ တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်ခြင်း မရှိဘဲ ဝန်ကြီးချုပ် လီကျန်းသာ တက်ရောက်မည်ဖြစ်သလို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်လည်း မတက်ရောက်ဟု သိရသည်။

 

ဂျိုးဘိုင်ဒင်အစား ဒု-သမ္မတ ကာမာလာ ဟားရစ် တက်ရောက်မည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် နှစ် နှစ်ကျော်က စစ်အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် အကြမ်းဖက်တိုက်ခိုက်မှုများမှာ ဒေသတွင်းနိုင်ငံများအထိ ရိုက်ခတ်မှု ရှိလာခဲ့သည်။


 

များမကြာသေးမီက မြန်မာစစ်ကောင်စီသည် ၂၀၂၆ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဌတာဝန်ကို ထမ်းဆောင်မည်မဟုတ် ဟု ပြောဆိုခဲ့သည်။

 

 မြန်မာစစ်ကောင်စီက ထိုသို့ ပြောဆိုလိုက်သည့်ကိစ္စနှင့်ပတ်သက်၍ စင်္ကာပူ ယူဆွတ်အီရှတ် တက္ကသိုလ် အရှေ့တောင်အာရှလေ့လာရေးဌာနမှ မစ္စ ရှာရွန်ဆီယာက “ မြန်မာစစ်ကောင်စီက ခုလို ပြောဆိုလိုက်တာနဲ့ပတ်သက်ပြီး ကောက်ချက်နှစ်ခု ချလို့ရပါတယ်။ တစ်ခုက သူတို့ဟာ ၂၀၂၇ ခုနှစ်အထိ သူတို့လုပ်ချင်တာ လုပ်သွားမယ်ဆိုတဲ့အစီအစဉ် ရှိနေပြီး နောက်တစ်ခုက သူတို့ဟာ နိုင်ငံထဲမှာ ဘာပဲဖြစ်နေနေ သူတို့ရဲ့ အဖွဲ့ဝင်ဖြစ်မှုကို တရားဝင်လို့ ခံယူထားတာပါ။ “

 

“ သူတို့က အလှည့်ကျဥက္ကဌ တာဝန်ကို ဖိလစ်ပိုင်ကို လက်ဆင့်ကမ်းစေချင်တဲ့သဘောရှိတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်က ဘာတစ်ခွန်းမှ မပြောသေးဘူး” ဟု ဆိုသည်။

 

အလားတူ မြန်မာ့အရေးနှင့် ပတ်သက်၍ အရှေ့တီမောကလည်း မြန်မာ့အကျပ်အတည်းကို အာဆီယံက မဖြေရှင်းနိုင်လျှင် အာဆီယံအဖွဲ့ထဲသို့ ဝင်ရောက်တော့မည်မဟုတ်ဟု အရှေ့တီမောဝန်ကြီးချုပ် ဇာနာနာ ဂတ်စ်မာအိုပြောကြားခဲ့သည်။

 

မြန်မာစစ်ကောင်စီသည် ပြီးခဲ့သည့်အပတ်က မြန်မာနိုင်ငံရှိ အရှေ့တီမောသံအမတ်ကို နိုင်ငံမှ နှင်ထုတ်ပစ်ခဲ့သည်။

 

အရှေ့တီမောအစိုးရသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အား လက်ခံတွေ့ဆုံခဲ့သည့်အတွက် ယခုလိုနှင်ထုတ်ခဲ့ခြင်းဖြစ်သည်။

 

ထို့ကြောင့် ယခုအာဆီယံထိပ်သီးအစည်းအဝေးတွင် အရှေ့တီမောအား အဖွဲ့ဝင်နိုင်ငံသစ်အဖြစ် လက်ခံရေးမှာ မြန်မာ့အရေးက အရိပ်ပမာ လွှမ်းမိုးလျှက်ရှိသည်ဟု ဆိုသည်။

 

အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသော ပဋိပက္ခများကို ဖြေရှင်းရန်ကြိုးပမ်းနေဆဲဖြစ်ပြီး အောင်မြင်မှုမရရှိသေးပေ။ လာမည့်နှစ်တွင် လာအိုက အလှည့်ကျဥက္ကဌ တာဝန်ယူရမည်ဖြစ်ရာ မြန်မာ့အရေးအတွက် တွေ့ဆုံညှိနှိုင်းမှုများ ဆက်လက်ကြိုးပမ်းမည်ဟု သိရှိရသည်။

NN-27

ref:CNA

ဆက်စပ် သတင်းများ