အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

ရုရှားတို့​၏ ပင်လယ်နက် ရေတပ်စခန်းအား ယူကရိန်းကဒုံးကျည်ဖြင့် ပစ်ခတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 860

“ရေတပ်သင်္ဘောကျင်း မီးလောင်ပြီး ရုရှားတပ်သား ၂၄ ဦး ဒဏ်ရာရ”

ရုရှားတို့​၏ ပင်လယ်နက် ရေတပ်အုပ်စု တည်ရှိရာ ခရိုင်းမီးယားဒေသ၊ ဆီဗက်စ်တိုပို ဆိပ်ကမ်းမြို့အား ယူကရိန်းက ဒုံးကျည်များဖြင့် ယမန်နေ့ညက ပစ်ခတ်တိုက်ခိုက်ရာ ရေတပ်သင်္ဘောကျင်း မီးလောင်သွားပြီး ရုရှားတပ်သား ၂၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

 

ရုရှားတို့ ခန့်ထားသည့် ဆီဗက်စ်တိုပိုမြို့တော်ဝန် မီခေးလ် ရာဇ်ဗော့ဇာယက်ဗ် က ရုရှား ပင်လယ်နက်ရေတပ်အုပ်စု စခန်းချရာ ဆိပ်ကမ်းအား ယူကရိန်းက ပစ်ခတ်လိုက်သော ဒုံးကျည်ထိမှန်ပြီးနောက် မီးလောင်မှုဖြစ်ကာ ရုရှားတပ်သား ၂၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

 

တစ်ပြိုင်နက်တည်းမှာပင် ရုရှားတို့​၏ ဒရုန်းများက ဒန်းညုမြစ်ပေါ်ရှိ ယူကရိန်းတို့​၏ ကောက်ပဲသီးနှံတင်ပို့ရာ အစ်ဇ်မေးလ်ဆိပ်ကမ်းကို တိုက်ခိုက်ခဲ့သည်ဟု ရာဇ်ဗော့ဇာယက်ဗ်က ပြောကြားသည်။

 

အိုဒီဆားဒေသအုပ်ချုပ်ရေးမှူး အိုလက်ကီပါက ရုရှားတို့​၏ ဒရုန်းတိုက်ခိုက်မှုကြောင့် လူ ၆ ဦးဒဏ်ရာရရှိပြီး ဆိပ်ကမ်းအဆောက်အဦးများ ထိမှန်ပျက်စီးခဲ့သည်ဟု ဆိုသည်။

 

ရုရှားတို့​၏ ဆီဗက်စတိုပိုလ်ဆိပ်ကမ်း မြို့တော်ဝန် ရာဇ်ဗော့ဇာရက်ဗ်က ယူကရိန်းဒုံးကျည် ပစ်ခတ်ခံရပြီးနောက် မီးလောင်နေသောနေရာသို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိနေကြောင်းနှင့် အရပ်ဘက်အဆောက်အအုံများ ထိခိုက်မှု မရှိကြောင်း ပြောကြားခဲ့သည်။

 

ပင်လယ်နက် ရေတပ်သင်္ဘောကျင်း မီးလောင်နေပြီး မီးလောင်ခံထားရသော သင်္ဘောတစ်စီးမှ မီးခိုးလုံးများ ထွက်ပေါ်လာနေသည့် ဓါတ်ပုံကို မြို့တော်ဝန် ရာဇ်ဗော့ဇာရက်ဗ်က သူ​၏ တယ်လီဂရမ်ချန်နယ်တွင် ဖော်ပြခဲ့သည်။

NN- 27

ref:bbcworld

ဆက်စပ် သတင်းများ