သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ဗီယက်နမ် လူနေတိုက်ခန်း မီးလောင်မှု ၅၆ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရ


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၁၄ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 690

(မီးလောင်စဉ် တိုက်ပေါ်မှ ခုန်ချသူများ ရှိဟုဆို)

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တော်တွင် စက်တင်ဘာလ ၁၃ရက်၊ ညပိုင်းက အထပ် ၉ထပ်ရှိ လူနေတိုက် တစ်လုံး မီးလောင်မှု ဖြစ်ပွါးခဲ့ရာ လူပေါင်း ၅၆ဦး သေဆုံးပြီး ၃၇ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဗီယက်နမ်ရဲတပ်ဖွဲ့က ပြောကြားသည်။

 

“ စုစုပေါင်း ၅၆ ဦး သေဆုံးပြီး ၃၇ဦး ဒဏ်ရာရခဲ့ပါတယ်။ သေသူ ၅၆ ဦးအနက် ၃၉ဦးကို အတည်ပြုနိုင်ခဲ့ပါတယ်” ဟု ဟနွိုင်ရဲတပ်ဖွဲ့ဌာနချုပ်က ထုတ်ပြန်ကြေညာခဲ့သည်။

 

မီးလောင်မှုမှာ လူပေါင်း ၁၅၀ နေထိုင်သည့် အထပ် ၉ထပ်ရှိ လူနေတိုက်တစ်လုံးတွင် အင်္ဂါနေ့ သန်းခေါင်ယံအချိန်က ဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။ လူပေါင်း ၁၀၀ ကျော် အသက်ဘေးမှ လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့ပြီး ၅၄ ဦးကို ဆေးရုံတင်ပို့ရကာ အများအပြား သေဆုံးခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြသည်။

 

လူအများအပြားမှာ မီးလောင်မှု လွတ်မြောက်ရန် တိုက်ခန်းပြတင်းပေါက်များကတစ်ဆင့် အောက်သို့ ခုန်ချသဖြင့် ဒဏ်ရာရရှိပြီး ဆေးရုံတင်ပို့ခဲ့ရသည်ဟု ဗီယက်နမ် နိုင်ငံပိုင်သတင်းဌာနက ဖော်ပြသည်။


 

ဗီယက်နမ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး လီဗန် တုရင် က မီးလောင်မှုကြောင့် သေဆုံးသူ အလွန်များပြားခဲ့သည်ဟု ပြောကြားခဲ့သည်။

 

သေဆုံးသူအရေအတွက် အတိအကျကိုမူ သက်ဆိုင်ရာ အတည်ပြုထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။ သေဆုံးသူများထဲတွင် အနည်းဆုံး ကလေးငယ် သုံးဦး ပါဝင်သည်ဟု ဗီယက်တိုင်းမ် အွန်လိုင်း သတင်းစာက ဖော်ပြသည်။

 

“ အကူအညီပေးဖို့ အော်သံတွေ အများကြီး ကြားရတယ်။ ဒါပေမယ့် ကျွန်မတို့ ဘာမှ မကူညီနိုင်ခဲ့ကြဘူး။ အဆောက်အဦးက လမ်းကြားလေးထဲမှာရှိပြီး အရေးပေါ်ထွက်ပေါက်လည်း မရှိတော့ တိုက်ပေါ်ကလူတွေ ပိတ်မိနေခဲ့တယ်” ဟု အဆိုပါ တိုက်အနီးနေထိုင်သူ ဗီယက်နမ်အမျိုးသမီးတစ်ဦးက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။

 

အင်္ဂါညသန်းခေါင်ယံက စတင်လောင်သော မီးသည် ဗုဒ္ဓဟူးနေ့ နံနက်စောစောပိုင်းတွင် မီးငြိမ်းသွားခဲ့သော်လည်း မီးသတ်များနှင့် ကယ်ဆယ်ရေးအဖွဲ့များက ဆက်လက် အလုပ်လုပ်နေသည်ကို မြင်တွေ့ကြရသည်။

 

မီးလောင်မှုဖြစ်ပွါးသောနေရာမှာ ဟနွိုင်မြို့အနောက်​တောင်ဘက် လူနေရပ်ကွက် လမ်းကြားတစ်ခုဖြစ်သည်။

 

ကိုးထပ်ရှိသော လူနေတိုက်၏ ဝရန်တာများအားလုံးကို သံတိုင်များကာရံထားသည့်အတွက် ထွက်ပေါက် တစ်ပေါက်သာ ရှိပြီး အရေးပေါ်လှေကားလည်း မရှိဟုဆိုသည်။



 

မီးခိုးလုံးများ ထွက်လာသည့် တိုက်ပေါ်မှ လူအချို့ ခုန်ချသဖြင့် ခြေထောက်ကျိုး၊ လက်ကျိုးဒဏ်ရာ ရသူများရှိသလို မျက်မြင်တွေ့ရှိသူတစ်ဦး၏ ပြောဆိုချက်အရ ကလေးငယ်တစ်ဦးကို ပြတင်းပေါက်မှ ပစ်ချသည်ကို မြင်တွေ့ခဲ့ရသည်ဟု ဆိုသည်။

 

ဗီယက်နမ်ဝန်ကြီးချုပ် ဖန်မင်ချင် သည် ဗုဒ္ဓဟူနေ့က အခင်းဖြစ်ပွါးရာနေရာသို့ သွားရောက်ကြည့်ရှုခဲ့ပြီး မီးလောင်မှုကို စုံစမ်းစစ်ဆေးရန် ညွှန်ကြားသွားခဲ့သည်။

 

NN-27

 ref:AFP/CNA

ဆက်စပ် သတင်းများ