တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

တရုတ် ကာကွယ်ရေးဝန်ကြီး ပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 949

(စုံစမ်းစစ်ဆေးခံနေရသည်ဟု အမေရိကန်ယူဆ)

တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး လီရှန်းဖူ လူမြင်ကွင်းမှ ပျောက်ဆုံးနေသည်မှာ နှစ်ပတ်ခန့် ကြာမြင့်နေပြီး ၎င်းအား ရာထူးမှအနားပေးကာ တရုတ်အစိုးရက စုံစမ်းစစ်ဆေးမှုပြုလုပ်နေသည်ဟု ယုံကြည်ရကြောင်း အမေရိကန် Financial Times သတင်းစာက ရေးသား ဖော်ပြလိုက်သည်။

 

ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အီမန်နျူရယ်က သူ​၏ ဆိုရှယ်မီဒီယာစာမျက်နှာတွင် " လီရှန်းဖူ ပျောက်ဆုံးနေသည်မှာ သုံးပတ်ခန့် ရှိနေပြီး နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီး ခံထားရဖွယ်ရှိသည်"ဟု ကြာသပတေးနေ့က ရေးသားခဲ့ပြီးနောက် ယခုကဲ့သို့ သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

 

ပြီးခဲ့သည့် ဇူလိုင်လက တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂမ် ရက်အတန်ကြာအောင် ပျောက်ဆုံး နေခဲ့ပြီးနောက် ဖယ်ရှားခံလိုက်ရအပြီးတွင် ယခုဖြစ်ရပ်မှာ တရုတ်အစိုးရအဖွဲ့အတွင်း ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်နေသည့် နောက်ဆုံးလက္ခဏာတစ်ရပ်ဟု သုံးသပ်ကြသည်။

 

တရုတ်အစိုးရသည် ပြီးခဲ့သည့် ဇူလိုင်လက ၎င်း​၏ ဒုံးပျံတပ်ဖွဲ့ ထိပ်တန်းအကြီးအကဲများကို ရာထူးမှ ဖယ်ရှားခဲ့သည်။ တရုတ် ဒုံးပျံတပ်ဖွဲ့မှာ နျူးကလီးယားထိပ်ဖူးတပ် ဒုံးပျံများကို ကိုင်တွယ်ရသည့် တပ်ဖွဲ့တစ်ခုဖြစ်သည်။ တရုတ်ဒုံးပျံတပ်ဖွဲ့ တပ်မှူးကြီး လီ ယုချောင် မှာ ရက်အတန်ကြာအောင် လူမြင်ကွင်းမှ ပျောက်ဆုံးနေပြီးနောက် ရာထူးမှ ဖယ်ရှားခံလိုက်ရခြင်းဖြစ်သည်။

 

ဖယ်ရှားခံရသည့်အကြောင်းအရင်းကို တရားဝင် ဆင်ဟွာသတင်းဌာန ရှင်းလင်းချက်တစ်စုံတရာ ဖော်ပြခြင်းမရှိခဲ့ပေ။ Financial Times သတင်းစာ​၏ ရေးသားချက်အရ တရုတ်ကာကွယ်ရေးဝန်ကြီး လီ ရှန်းဖူ ရာထူးမှ ထုတ်ပယ်ခံလိုက်ရပြီဟု အမေရိကန်က ယုံကြည်နေသည်ဟုဆိုသည်။ လီ ရှန်းဖူသည် ပြီးခဲ့သည့် ဩဂုတ်လက ရုရှနိုင်ငံသို့ သွားရောက်ပြီး လုံခြုုံရေးဆိုင်ရာ အစည်းအဝေးတစ်ခုကို တက်ရောက်ခဲ့သည်ဟု သိရသည်။

 

ထိုအစည်းအဝေးအပြီး နှစ်ရက်အကြာတွင် လီရှန်းဖူ နှင့် ဘီလာရုစ်သမ္မတ လူကာရှန်ကိုတို့ မင့်စ် မြို့တွင် တွေ့ဆုံဆွေးနွေးနေကြသည့် သတင်းဓါတ်ပုံကို ဘီလာရုစ်သတင်းဌာနတစ်ခုက ဖော်ပြခဲ့သည်ကို တွေ့ရသည်။

 

လီရှန်းဖူအား ဩဂုတ်လ ၂၉ ရက်နေ့က အာဖရိကနိုင်ငံများနှင့် ပြုလုပ်သည့် လုံခြုံရေးဖိုရမ်တစ်ခုတွင် မိန့်ခွန်းပြောနေသည်ကို နောက်ဆုံးမြင်တွေ့ခဲ့ရသည်။

 

လီရှန်းဖူသည် စက်တင်ဘာ ၇ ရက်မှ ၈ ရက်အထိ ဗီယက်နမ်တွင် ကျင်းပမည့် တရုတ်- ဗီယက်နမ် နယ်စပ်ဆိုင်ရာ နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်ခြင်းလည်း မရှိခဲ့ပေ။

 

အစည်းအဝေးမတိုင်မီ ရက်ပိုင်းအလိုတွင် ကျန်းမာရေးအခြေအနေအရ လီရှန်းဖူ တက်ရောက်နိုင်မည် မဟုတ်ကြောင်း တရုတ်အာဏာပိုင်များက အကြောင်းကြားလာသဖြင့် အစည်းအဝေးကို နောက်ဆုတ် လိုက်ရသည်ဟု ဗီယက်နမ်အရာရှိများက ပြောကြားသည်။

 

တရုတ်ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် လီရှန်းဖူအား ပြီးခဲ့သည့် မတ်လက စတင်ခန့်အပ်ပြီးချိန်မှစ၍ လီအား သံတမန်များက အထူးစောင့်ကြည့်နေခဲ့ကြသည်။ တရုတ်ကာကွယ်ရေးဝန်ကြီးသည် တရုတ်အစိုးရအဖွဲ့အတွင်း သာမန်ဝန်ကြီးရာထူးထက် ပိုမြင့်သော နိုင်ငံတော်အတိုင်ပင်ခံ ငါးဦး အနက် တစ်ဦးဖြစ်သည်။

NN-27

Ref: Agencies/can

ဆက်စပ် သတင်းများ