အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

လူတစ်ဦး ဘတ် ၁၀၀၀၀ ပေးမည့်စီမံချက် နှင့်ပတ်သက်၍ လာမည့် နှစ်ပတ်အတွင်း ထိုင်းဝန်ကြီးချုပ်သစ် ရှင်းပြမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 931

အသက် ၁၆ နှစ်ပြည့်ပြီးသည့် ထိုင်းနိုင်ငံသားတိုင်းကို တစ်ဦးလျှင် ဘတ်ငွေ ၁၀၀၀၀ ပေးအပ်မည့် စီမံချက်နှင့် ပတ်သက်၍ ထိုငွေများ ဘယ်ကရသည်ကို လာမည့် နှစ်ပတ်အတွင်း ရှင်းပြသွားမည်ဟု ထိုင်းဝန်ကြီးချုပ်သစ် ထာ့ဝီဆင်က ပြောကြားလိုက်သည်။

လူတစ်ဦး ဘတ် ၁၀၀၀၀ ဒစ်ဂျစ်တယ်ငွေလွှဲစနစ်ဖြင့် ပေးအပ်မည့်အစီအစဉ်မှာ ဖွေ့ထိုင်းပါတီ​၏ ရွေးကောက်ပွဲမတိုင်မီက ပေးထားသည့် မဲဆွယ်ကတိတစ်ခုဖြစ်သည်။

 အဆိုပါအစီအစဉ်အရ အသက် (၁၆)နှစ်ပြည့်ပြီး ဖြစ်သည့် ထိုင်းနိုင်ငံသားတိုင်း ဘတ်ငွေ ၁၀၀၀၀ ဒစ်ဂျစ်တယ်ငွေလွှဲစနစ်ဖြင့် လက်ခံရရှိမည်ဖြစ်ပြီး ရရှိသည့်ငွေကို ၄ကီလိုမီတာ ( ၂မိုင်ခွဲ) ပတ်ဝန်းကျင်အတွင်းရှိ လက်လီဆိုင်များ၊ ရှေ့ပင်းမောလ်များ နှင့် အခြားစီးပွားရေးလုပ်ငန်းများတွင် သုံးစွဲရမည်ဟု ဆိုသည်။

 

ထိုသို့ သုံးစွဲခြင်းဖြင့် ဒေသအလိုက် စီးပွားရေးကောင်းမွန်လာစေရန် ရည်ရွယ်သည်ဟု ဆိုသည်။

 

သို့သော် အဆိုပါ စီမံချက်နှင့်ပတ်သက်၍ လူအများကြား ထွက်ပေါ်နေသည့် မေးခွန်းတစ်ခုမှာ ထိုငွေများ ဘယ်ကရသလဲ ဆိုသည့် မေးခွန်းဖြစ်သည်။

 

သတင်းထောက်များက ကုန်တိုက်ကြီးများ ရောင်းအားတက်အောင် လုပ်ဆောင်နေသလားဟု မေးမြန်းရာ ထာ့ဝီဆင်က ကုန်တိုက်ကြီးများသည် ပြည်နယ်များတွင် အများကြီးမရှိသည့်အတွက် မဟုတ်ပါဟု ငြင်းဆိုခဲ့သည်။

 

" ဒစ်ဂျစ်တယ် ပိုက်ဆံအိတ်တွေထဲ ငွေထည့်ပေးလိုက်တာနဲ့ စီးပွားရေး ချက်ချင်းကြီးတော့ ကောင်းလာမှာ မဟုတ်ပါဘူး။ ပထမအနေနဲ့ ကုန်ထုတ်လုပ်မှု စွမ်းရည် တိုးတက်ဖို့ လိုပါတယ်" ဟု ထိုင်း အွန်လိုင်းမီဒီယာတစ်ခုသို့ သူက ပြောဆိုခဲ့သည်။

 

" လာမယ့် နှစ်ပတ်အတွင်းမှာ ဒီငွေတွေ ဘယ်လိုရရှိလာသလဲဆိုတာ ကျွန်တော်ရှင်းပြပါ့မယ်။ အခု ဘဏ္ဍာရေးအရာရှိတွေနဲ့ ပြောဆိုဆွေးနွေးရာမှာ နိုင်ငံတော်ဘဏ္ဍာထဲကို နောက်ထပ် ဘတ် ဘီလျံ ၂၀၀ ထပ်ဖြည့်ထားတယ်ဆိုတာ သိရပါတယ်" ဟု ထာ့ဝီဆင်က ဆိုသည်။

 

ပြဿနာတစ်ခုခု ဖြစ်လာခဲ့ရင် ဘာလုပ်မလဲ ဟု မေးမြန်းခဲ့ရာ ထာ့ဝီဆင်က ယခု ငွေများကို လူအများ လက်ထဲသို့ တိုက်ရိုက်ပေးခြင်းဖြစ်၍ အကျင့်ပျက်အလွဲသုံးစားမှုများ မရှိနိုင်ဟုဆိုသည်။

 

" ဒီ ငွေတွေကို Krungthai ဘဏ်ကတစ်ဆင့် blockchain နည်းပညာနဲ့ လူတွေလက်ထဲ တိုက်ရိုက် ထည့်ပေးသွားမှာပါ" ဟု သူက ဆက်ပြောသည်။

 

ယခုကဲသို့ လူတစ်ဦး ဘတ် တစ်သောင်း ပေးအပ်မည့် စီမံချက်နှင့် ပတ်သက်၍ ထိုင်း ဖွံ့ဖြိုးရေးသုတေသန အင်စတီကျုမှ သုတေသန ညွှန်ကြားရေးမှူး ဆွန်ချိုင်း ဂျစ်ဆုချွန်က သဘောမတူဘဲ အစိုးရ​၏ မူဝါဒကောင်းများကို အကောင်အထည်ဖော်ရန် အားနည်းသွားလိမ့်မည်ဟု ဆိုသည်။

 

NN-27

ref: Bangkok Post

ဆက်စပ် သတင်းများ