Preview

ရန်သူ့ရေငုတ်သင်္ဘောကို ခရုဇ်ဒုံးကျည်ဖြင့် ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့သည့် ပထမဦးဆုံး နိုင်ငံအဖြစ် သမိုင်းတွင်ခဲ့သည့် ယူကရိန်း

စက်တင်ဘာ ၁၇/ ၂၀၂၃ | ကြည့်ရှုသူ :1222
နိုင်ငံတကာ သတင်း

ပြီးခဲ့သည့်စက်တင်ဘာလ ၁၃ ရက်နေ့က ခရိုင်းမီးယားရှိ ရုရှားရေတပ်စခန်းကို ယူကရိန်းကခရုဇ်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွင် ရုရှား ရေငုတ်သင်္ဘောတစ်စီး နှင့် ရေတပ်သင်္ဘောကျင်းတွင်ပြင်ဆင်နေသော Minsk ကမ်းတက်ရေယာဉ်ကြီးတစ်စီး မီးလောင်ပျက်စီးသွားခဲ့သည်။

ရန်သူ့ရေငုပ်သင်္ဘောတစ်စီးကို ရေငုပ်သင်္ဘောဖျက်လက်နက်အသုံးပြုခြင်းမရှိဘဲ သာမန် ခရုဇ်ဒုံးကျည်ဖြင့် ပစ်ခတ်ဖျက်ဆီးမှုပြုလုပ်နိုင်ခြင်းမှာ ကမ္ဘာပေါ်တွင် ယူကရိန်းနိုင်ငံက ပထမဦးဆုံး အဖြစ် သမိုင်းမှတ်တမ်းရေးထိုးသွားခဲ့သည်။

ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့တွင် P-8A Poisedon သို့မဟုတ် P-3 Orion ကဲ့သို့ ရေငုပ်သင်္ဘောပစ်တိုက်လေယာဉ်များ ပိုင်ဆိုင်ထားခြင်း မရှိသော်လည်း ယူကရိန်းသည်ခရုဇ်ဒုံးကျည်များဖြင့် ရုရှားရေငုပ်သင်္ဘောကို ပစ်ခတ်ဖျက်ဆီးပစ်နိုင်ခဲ့ခြင်းဖြစ်သည်။

ယခု ပစ်ခတ်မှုကို ဗြိတိသျှလုပ် Storm Shadow ခရုဇ်ဒုံးကျည် သို့မဟုတ် ပြင်သစ်လုပ် SCALP EG ဒုံးကျည်ဖြင့်ပြုလုပ်နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းကြသည်။ Sky News သတင်းဌာနကမူဗြိတိသျှတို့၏ စတွမ်း ရှဲဒိုး ( Storm Shadow ) ခရုဇ်ဒုံးကျည်ဖြင့်ပစ်ခတ်ခဲ့သည်ဟု ဖော်ပြသည်။


အဆိုပါ ဒုံးကျည်များကို Su-24 M အမျိုးအစား ရှေ့တန်းဗုံးကြဲလေယာဉ်ဖြင့် သယ်ဆောင်ကာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် ရန်သူ့ရေငုပ်သင်္ဘောများကို ရှာဖွေထောက်လှမ်းနိုင်သည့်ပစ္စည်းကိရိယာ ပိုင်ဆိုင်ထားခြင်းလည်း မရှိပေ။ ထို့ကြောင့် ပစ်မှတ်ကိုတိုက်ခိုက်နိုင်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ပစ်မှတ်သည် ရေအောက်တွင်မရှိဘဲရေပြင်ပေါ် ရှိနေချိန်ဖြစ်သည်။

ထိုသို့ပစ်ခတ်နိုင်ရန် ညအချိန်ကို ရွေးချယ်ခဲ့ကြောင်းနှင့်တိုက်လေယာဉ်ကို အသုံးပြုခဲ့ကြောင်း ယူကရိန်းလေတပ်က ပြောဆိုသည်။

သို့သော် တိုက်ခိုက်ရာတွင် အသုံးပြုသည့်ခရုဇ်ဒုံးကျည်သည် မည်သည့်အမျိုးအစားဖြစ်သည်ကို အတိအကျ မသိရှိ၇ဟုဆိုသည်။

တိုက်ခိုက်မှုကြောင့် ရုရှားတို့၏ ဘက်စုံသုံး ဒီဇယ်-လျှပ်စစ်စွမ်းအင်ရေငုပ်သင်္ဘော Rostov-on -Don ထိမှန်ပျက်စီးခဲ့သည်။ ဒေါ်လာ သန်း ၃၀၀ တန်ဘိုးရှိပြီး636 Varshavyanka စီမံကိန်းအရ တည်ဆောက်ခဲ့သော ရေငုပ်သင်္ဘောဖြစ်သည်။

အဆိုပါ ရေငုပ်သင်္ဘောတွင် Kalibr ခရုဇ်ဒုံးကျည်များ တပ်ဆင်ထားသည်။ ရေငုပ်သင်္ဘောမှာ Sevastopol ရေတပ်သင်္ဘောကျင်းတွင် ပြင်ဆင်ရန် ရပ်နားထားခြင်းဖြစ်သည်။

အခြားတိုက်ခိုက်ခံ၇သော သင်္ဘောမှာ Minsk ကမ်းတက်သင်္ဘောကြီးဖြစ်သည်။ ပျက်စီးထိခိုက်မှု ပမာဏကို မမှန်းဆနိုင်သော်လည်းအလုံးစုံ ပျက်စီးမသွားသည့်တိုင်အောင် နှစ်အတန်ကြာအထိ တိုက်ပွဲဝင်နိုင်တော့မည်မဟုတ်ဟုဆိုသည်။

NN-27

ref:Defence Express.

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.