သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ဆူဒန်နိုင်ငံ ခါတွန်မြို့လယ်ရှိ အထင်ကရ (၁၈)ထပ်ရှိ အဆောက်အဦးတစ်ခု တိုက်ခိုက်ခံရပြီး မီးလောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 603

ပြီးခဲ့သည့် ဧပြီလကတည်းက ဆူဒန်နိုင်ငံတွင် ဖြစ်ပွားနေသော အာဏာလု ပြည်တွင်းစစ်ပွဲမှာ ယခုရက်ပိုင်းအတွင်း ပိုမိုပြင်းထန်လာနေပြီး တနင်္ဂနွေနေ့က ဖြစ်ပွားသော မြို့လယ်တိုက်ပွဲအတွင်း ခါတွန်မြို့​၏ အထင်ကရ (၁၈)ထပ်မြင့် အဆောက်အဦးတစ်ခု မီးလောင်သွားသည်ကို တွေ့မြင်ရသည်။

မီးလောင်ခံရသောအဆောက်အဦးမှာ Greater Nile Petroleum Oil ရေနံကုမ္ပဏီအဆောက်အဦး ဖြစ်ပြီး အဆောက်အဦး အပေါ်ပိုင်းတစ်ခုလုံး မီးလောင်နေသည့် ဗီဒီယိုကို အွန်လိုင်းပေါ်တွင် မြင်တွေ့ကြရသည်။ " တကယ်ကို ကြေကွဲစရာကောင်းပါတယ်" ဟု အဆိုပါအဆောက်အဦး​၏ ဗိသုကာပညာရှင် တာဂရိ အက်ဘ်ဒင် က တွစ်တာပေါ်တွင် ရေးသားခဲ့သည်။

 

ပြီးခဲ့သည့် ဧပြီလမှစ၍ လေကြောင်းတိုက်ပွဲများနှင့် မြေပြင်တိုက်ပွဲများသည် ခါတွန်မြို့တော်နှင့်တကွ တစ်နိုင်ငံလုံးရှိ မြို့အများအပြားတွင် ဖြစ်ပွားလျှက်ရှိသည်။

 

ကုလသမဂ္ဂ​၏ ခန့်မှန်းချက်အရ လူပေါင်း တစ်သန်းကျော်သည် ဆူဒန်နိုင်ငံမှ ထွက်ပြေးသွားကြပြီဟု ဆိုသည်။ နိုင်းလ်မြစ်ကမ်းပေါ်တွင် တည်ရှိသည့် ၁၈ထပ်မြင့် အဆောက်အဦးမှာ ခါတွန်မြို့တော်​၏ ထင်ရှားသော မိုးမျှော်တိုက်တစ်ခုဖြစ်သည်။

 

ဗိသုကာ အက်ဘ်ဒင်က ခါတွန်မြို့​၏ အထင်ကရအမှတ်အသားတစ်ခုဖြစ်သော အဆောက်အဦး မီးလောင်ခံရခြင်းမှာ လူမဆန်သော လုပ်ရပ်တစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။

 

မှန်ချပ်များဖြင့် ကာရံထားသည့် ကတော့ချွန်သဏ္ဍာန် အဆောက်အဦးထိပ်ပိုင်း မီးလောင်ခံရမှုနှင့်ပတ်သက်၍ မည့်သည့်အကြောင်းကြောင့်ဖြစ်သည်ကို ရှင်းရှင်းလင်လင်း မသိရသေးဟု ဆိုသည်။ အလားတူ သေဆုံး၊ ဒဏ်ရာရသူစာရင်းလည်း မရရှိသေးဟု သိရသည်။

 

ဆူဒန်နိုင်ငံတွင် ပြီးခဲ့သည့် ဧပြီလ (၁၅)ရက် ကတည်းက ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့ နှင့် Rapid Support Forces(RSF) အရန်တပ်များအကြား ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနှစ်ဦး အာဏာလုကြရာမှ အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပေါ်နေခဲ့သည်။

 

ဆူဒန် RSF အရန်တပ်များက တစ်ပြည်လုံးတွင် အသင့်အနေအထား တပ်ချမှုများပြုလုပ်လာပြီးနောက် စစ်တပ်က ၎င်းတို့ကို ခြိမ်းခြောက်မှုဟုဆိုကာ နှစ်ဖက် တင်းမာနေခဲ့ပြီး ရက်အတန်ကြာတွင် တိုက်ပွဲများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

 

ဆူဒန် အရန်တပ်များသည် စနေနေ့က မြို့တော်ခါတွန်ရှိ စစ်တပ်က ထိန်းချုပ်ထားသည့် နေရာများကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဆူဒန်စစ်ရေးလေ့လာသူများက ပြောကြားသည်။

 

တိုက်ခိုက်ခံရသည့်နေရာများတွင် တရားရေးဝန်ကြီးဌာနရုံး အဆောက်အအုံအပါအဝင် မြို့လယ်ရှိအစိုးရရုံးအဆောက်အဦးများ ပါဝင်သည်ဟု သိရသည်။



 

တိုက်ခိုက်မှုကြောင့် အဆောက်အဦးအချို့ မီးလောင်ခဲ့သည်ဟု ဆိုသည်။ စနေနေ့က စစ်တပ်နေရာများအား ဆက်လက်တိုက်ခိုက်နေသည်ကို မြင်တွေ့ခဲ့ရသည်ဟု မျက်မြင်တွေ့ရှိသူများက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

 

ခါတွန်မြိုတောင်ပိုင်းရှိ RSF အရန်တပ်ခြေကုပ်စခန်းများကို စစ်တပ်က ပစ်ခတ်ခဲ့သဖြင့် ပေါက်ကွဲသံများ ကျယ်လောင်စွာ ကြားရသည်ဟု အဆိုပါအရပ်တွင် နေထိုင်သူများက ပြောကြားခဲ့သည်။

 

ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ​၏ ပြောကြားချက်အရ ခါတွန်မြို့တော်ရှိ အဓိကဆေးရုံကြီးများမှာ ဆေးကုသခြင်းမပြုလုပ်နိုင်တော့ဟု ဆိုသည်။ စနေ၊ တနင်္ဂနွေ့က မြို့တော်ခါတွန်တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲကြောင့် လူအများအပြား သေဆုံးခဲ့ပြီး လက်နက်ကြီးပေါက်ကွဲသံများကို မြို့လယ်မှ နှစ်မိုင်အကွာထိ ကြားနေရသည်ဟု ဒီမိုကရေစီလိုလားသော ဆူဒန်ရှေ့နေများအဖွဲ့က ဆိုသည်။

 

ဆူဒန်အရန်တပ် RSF သည် မြို့တော် ခါတွန်ကို ထိန်းချုပ်နိုင်ရန် တိုက်ပွဲဝင်လျှက်ရှိပြီး ဆူဒန်စစ်တပ်က RSF အရန်တပ်များ အားပျော့သွားစေရန် လေကြောင်းမှ တိုက်ခိုက်မှုများပြုလုပ်လျှက် ရှိနေသည်။

 

ဆူဒန်ပြည်တွင်စစ်ကြောင့် ယခုချိန်ထိ လူပေါင်း ၇၅၀၀ ဝန်းကျင် အသက်သေဆုံးခဲ့ရပြီး လူဦးရေ ငါးသန်းမှာ နေရပ်စွန့်ခွါထွက်ပြေးနေရသည်ဟု သိရှိရသည်။

 

NN-27

Ref: AFP/bbcworld

ဆက်စပ် သတင်းများ