သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ရာဘင်ဒြာနတ်တဂိုး တည်ထောင်ခဲ့သည့် သျှန်တိနိကေတန်ကျောင်းတော်အား ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုအဖြစ် သတ်မှတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 802

ကမ္ဘာကျော် အိန္ဒိယစာဆိုကြီး ရာဘင်ဒြာနတ်တဂိုး တည်ထောင်ခဲ့သည့် သျှန်တိနိကေတန် ကျောင်းတော်အား ကုလသမဂ္ဂ ပညာရေး၊သိပ္ပံ နှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ကမ္ဘာ့အမွေအနှစ် နေရာဒေသတစ်ခုအဖြစ် သတ်မှတ်ပေးလိုက်ပြီဟု သိရှိရသည်။

အိန္ဒိယနိုင်ငံ၊ အနောက်ဘင်ဂေါပြည်နယ်ရှိ သျှန်တိနိကေတန်ကျောင်းတော်ကို ကမ္ဘာကျော် အိန္ဒိယစာဆိုနှင့် ဒဿနိကပညာရှင် ရာဘင်ဒြာနတ်တဂိုးက ၁၉၀၁ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။

အဆိုပါကျောင်းသည် ရှေးဟောင်းအိန္ဒိယယဉ်ကျေးမှုကို အခြေခံသည့် အနုပညာများကို ကျောင်းအိပ်ကျောင်းစား သင်ကြားပေးသည့်ကျောင်းဖြစ်သည်။

၁၉၂၁ ခုနှစ်တွင် လူသားများ၏ စည်းလုံးညီညွတ်မှုကို အသိအမှတ်ပြုသည့်အနေဖြင့် သျှန်တိနိကေတန်ကို ကမ္ဘာ့တက္ကသိုလ် တစ်ခုအဖြစ် တည်ထောင်ခဲ့သည်။

သျှန်တိနိကေတန်အား ကမ္ဘာ့အမွေအနှစ်အဖြစ် ရွေးချယ်စာရင်းသွင်းမှုကို ဆော်ဒီအာရေဗျနိုင်ငံတွင် တနင်္ဂနွေနေ့က ကျင်းပခဲ့သော ကမ္ဘာ့အမွေအနှစ်ကော်မတီ၏ ၄၅ကြိမ်မြောက် ညီလာခံက အတည်ပြု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ယူနက်စကိုကလည်း သျှန်တိနိကေတန်အား ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် စာရင်းသွင်းလိုက်ကြောင်း တရားဝင်ထုတ်ပြန်ခဲ့သည်။

အိန္ဒိယအစိုးရသည် အနောက်ဘင်ဂေါပြည်နယ်၊ ဘာဘွန်ခရိုင်ရှိ အဆိုပါကျောင်းတော်ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရေး ကြိုးပမ်းနေခဲ့သည်မှာ ကြာပြီဖြစ်သည်ဟု သိရသည်။

 NN-27

Ref:Financial Express

ဆက်စပ် သတင်းများ