တနင်္ဂနွေနေ့မွန်းလွဲပိုင်း လေ့ကျင့်ပျံသန်းရင်း ပျက်ကျသွားသော အမေရိကန် အသံတိတ် ဂျက်တိုက်လေယာဉ်အက်ဖ်-၃၅ ၏ အစိတ်အပိုင်းများကို တောင် ကာရိုလိုင်းနားပြည်နယ်တွင်ပြန်လည်ရှာဖွေတွေ့ရှိပြီဟု အာဏာပိုင်များက ပြောကြားသည်။
ဒေါ်လာသန်း ၁၀၀ တန်ဘိုးရှိ Stealth အမျိုးအစား အသံတိတ် အမေရိကန် ဂျက်တိုက်လေယာဉ် အက်ဖ်-၃၅ သည် တနင်္ဂနွေနေ့ကလေ့ကျင့်ပျံသန်းစဉ် စက်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့သဖြင့် လေယာဉ်မှူးသည် လေထီးခလုတ်ဖြင့် အရေးပေါ်မြေပြင်သို့ ဆင်းသက်ခဲ့၇သည်။
သို့သော်အဆင့်မြင့် အက်ဖ်-၃၅ ဂျက်တိုက်လေယာဉ်မှာ မည်သည့်နေရာသို့ ကျရောက်ပြီးပျောက်ဆုံးသွားသည်ကို မသိသည့်အတွက် ဝိုင်းဝန်းရှာဖွေပေးကြရန်ချာလက်စတန်ပူးတွဲ လေတပ်စခန်းကကြေညာခဲ့၇သည်။
ထိုသို့ကြေညာပြီးနောက်ပျက်စီးနေသော အက်ဖ်-၃၅ တိုက်လေယာဉ်အပိုင်းအစများကို ချာလက်စ်တန်လေတပ်စခန်း၏အရှေ့မြောက်ဘက် နှစ်နာရီကွာ ဝီလျံစဘတ် နယ်မြေတွင် ပြန်လည်တွေ့ရှိခဲ့ကြသည်။
တာဝန်ရှိသူများသည်လေယာဉ်နောက်ဆုံးပျက်ကျသွားသည့်နေရာ ချာလက်စတန်မြို့ မြောက်ဘက်ရှိမိုလ်ထရီ နှင့် မာရီယွန်ရေအိုင်အနီးတစ်ဝိုက်ကို အဓိကထား ရှာဖွေခဲ့ကြသည်။
တိုက်လေယာဉ်ပျက်ကျရသည့်အကြောင်းရင်းကိုစုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး လတ်တလော သတင်းထုတ်ပြန်ဦးမည်မဟုတ်ဟုအမေရိကန် မရင်းတပ်ဖွဲ့က ပြောကြားသည်။
လေယာဉ်မှူးကအရေးပေါ်လေထီးခလုတ်ဖွင့်၍ ခုန်ထွက်သွားသော်လည်း တိုက်လေယာဉ်သည် အလိုအလျောက်ဆက်လက်ပျံသန်းနေသေးကြောင်း၊ သို့သော်လေယာဉ်၏ကိုယ်ထည် ၊ ဆင်ဆာစနစ် နှင့်ပျံသန်းမှုစနစ်အားလုံးကို ရန်သူ့ရေဒါက ထောက်လှမ်းမရအောင် ပြုလုပ်ထားသည့်အတွက်လေယာဉ်မှူး ခုန်ချသွားပြီးနောက် လေယာဉ်၏ တည်နေရာကို မသိရှိတော့ကြောင်းချာလက်စတန် လေတပ်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ခုန်ချခဲ့သောတိုက်လေယာဉ်မှူးမှာ ဒဏ်ရာအနည်းငယ် ရရှိခဲ့သော်လည်း ဆေးရုံတင်ပို့ခဲ့ရပြီးနောက်အခြေအနေသက်သာသည်ဟု သိ၇သည်/
အတူပျံသန်းခဲ့သော အခြား အက်ဖ်-၃၅ တိုက်လေယာဉ်တစ်စီးမှာ စခန်းသို့ဘေးကင်းစွာဖြင့် ပြန်လည်ရောက်ရှိခဲ့သည်ဟုဆိုသည်။
NN-27
Ref:BBCWorld